ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ ကျွန်းတော (၂) လမ်းက နေအိမ်ခြံဝင်းနားမှာ မေ ၈ ရက် ည ၁၁ နာရီခွဲလောက်က အသံဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
ပေါက်ကွဲမှုမဖြစ်ခင် မြို့တွင်း ဖြတ်သန်းသွားလာတဲ့ ယာဉ်တွေကို စစ်ဆေးခဲ့တာကြောင့် အခုပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က လုပ်တာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောနေပါတယ်။
ဗုံးပေါက်ချိန်ဟာ ပြည်သူတွေ လမ်းပေါ် သွားလာရဲတဲ့အချိန် မဟုတ်သလို ပေါက်ကွဲမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတချို့ဟာ ပေါက်ကွဲတဲ့လမ်းဘက်ကနေ ထွက်လာတာကို တွေ့ရှိသူတွေလည်း ရှိခဲ့ပါတယ်။
ဗုံးပေါက်ရာ နေရာရောက်လာတဲ့ ရဲတချို့ဟာ အဲဒီနေရာက တွေ့ရတဲ့ ပစ္စည်းတွေဟုဆိုကာ လက်ဖက်ရည်ဆိုင်နဲ့ ရင်းနှီးသူတွေကို ပြသပြီး ဝါဒဖြန့်နေတယ်လို့လည်း ပြည်သူတွေက ပြောပါတယ်။
လတ်တလောမှာတော့ အခုကိစ္စကို အကြောင်းပြုပြီး နေအိမ်တွေကို ရှာဖွေတာ ဖမ်းဆီးတာတွေလည်း လုပ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်နေရပါတယ်။