ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သင်္ကြန်မဏ္ဍပ်ဆောက်ထားတဲ့ နေရာ ၃ နေရာမှာ ဧပြီ ၁၂ ရက် ဒီနေ့ မနက် ၆ နာရီခွဲလောက်က အသံဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
သင်္ကြန်အတွက်ပြင်ဆင်ထားတဲ့ ရေကစားမဏ္ဍပ်တွေဖြစ်တဲ့ ဘားအံ ဗဟိုမဏ္ဍပ်၊ တပ်မ ၂၂ ရှေ့ မဏ္ဍပ်၊ နာရီစင်ထောင့်မဏ္ဍပ်တွေမှာ အသံဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာကို သတင်းမှားတွေနဲ့ လိမ်ညာဖို့ကြိုးစားနေတာဖြစ်လို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းမပါဝင်မိစေဖို့နဲ့ စစ်ကောင်စီကိုသတိပေးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်လို့ ဘားအံမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
“တနိုင်ငံလုံးမှာ မျက်ရည်ကျနေတဲ့အချိန် စစ်ကောင်စီက လူစည်းကားတယ်ဆိုပြီး နိုင်ငံတကာစိတ်ဝင်စားအောင် လုပ်ဆောင်နေတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ကျဖို့ တော်လှန်ရေးအင်အားစုတွေကလည်း သတိပေးထားတာရှိတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းမပါဝင်ကျဖို့နဲ့ စစ်ကောင်စီကို သတိပေးတဲ့အနေနဲ့ ပြုလုပ်တာဖြစ်နိုင်တယ်။”
ပြည်နယ်ရုံးစိုက်ရာ ဘားအံမြိုအပါအဝင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်လိုက် မဟာသင်္ကြန်ပွဲတော်ကို စည်းကားအောင်လုပ်ဆောင်ဖို့ ဖိအားပေးစေခိုင်းနေတဲ့အပြင် တစ်အိမ်ထောင်ကို ငွေ ၃၀၀၀ ကျပ်ဖိအားပေးလိုက်လံကောက်ခံခဲ့တယ် မြို့ခံပြည်သူတွေက ပြောပါတယ်။
ဘားအံမြို့မှာ ဗဟိုရေကစားမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာမဏ္ဍပ်နဲ့ ရပ်ကွက်အလိုက်မဏ္ဍပ်ပေါင်း ၂၀ ကျော်ရှိပြီး ဒီနှစ်မှာတော့ အမှတ် ၄ ရပ်ကွက် ဖားမဲတောင်ခြေအနီးမှာ လမ်းလျှောက်သကြင်္န်ပွဲတော်ကိုပါ ထည့်သွင်းကျင်းပဖို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။