မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက မင်းတံတားအုပ်စု ဆယ်အိမ်မှူးအပါအဝင် ပြည်သူ ၁၁ဦးကို မေလ ၈ ရက်နေ့က နေအိမ်တွေမှာ လိုက်လံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းတံတား ရပ်ကွက်မှာ နေ့ခင်းဘက်ကနေ အကြမ်းဖက်စစ်အုပ်စုက နေအိမ်တွေမှာ လိုက်လံစစ်ဆေးပြီး မိန်းကလေး ၁ ဦးနဲ့ ယောကျာ်းလေး ၄ ဦးကို ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ ဖုန်းထဲမှာ ဆန္ဒပြတဲ့ပုံတွေ တွေ့တာကြောင့် ဖမ်းသွားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း လူးထရပ်ကွက်က အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦးကိုတော့ နေအိမ်မှာလာရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ကျောက်ဖားရပ်ကွက်က ဆီဆိုင်ပိုင်ရှင်နဲ့ ကသဲတောင်ကုန်းက မိန်းကလေး ၂ ဦးကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်တွေထဲ၊ အိမ်တွေထဲထိ လိုက်လံစစ်ဆေးပြီးတော့ လာရောက်ရှာဖွေတဲ့သူ မတွေ့ပါက အိမ်မှာရှိတဲ့မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။