စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ် ဆရာ၊ ဆရာမတွေနဲ့ အရာထမ်း၊ အမှုထမ်းတွေကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အကြမ်းဖက်စစ်ကောင်စီက မေ ၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အလုပ်က ယာယီရပ်နားခံလိုက်ရတဲ့ ဆရာ၊ ဆရာမတွေဟာ အာဏာသိမ်းအကြမ်း စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် CDM မှာ ပါဝင်လာခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီကတော့ ဒီလို အလုပ်က ယာယီရပ်ဆိုင်းရတာဟာ ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်တာ၊ လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ(ဃ)၊ နည်းဥပဒေ(၁၇၀)၊ နည်းဥပဒေ (က) နဲ့ နည်းဥပဒေ(၁၇၃)၊ နည်းဥပဒေခွဲ (ခ) အရ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကလေးတက္ကသိုလ်ရှိ CDM မှာပါဝင်တဲ့ အရာထမ်း၊ အမှုထမ်း ၈၈ ဦး နဲ့ ဆရာ၊ ဆရာမ ၁၅၀ ဦးကို တာဝန်မှယာယီရပ်ဆိုင်းခံလိုက်ရတာပါ။