ဧရာဝတီတိုင်း မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျုတာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမတွေအပါအဝင် ပညာရေးဝန်ထမ်း အယောက် ၈၀ ကို အကြမ်းဖက် စစ်အုပ်စုက တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
မအူပင်နည်းပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေသူတဲ့ ဆရာ ဆရာမနဲ့ ပညာရေးဝန်ထမ်း ၄၉ ဦးကို စစ်ကောင်စီက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း မေလ ၆ ရက်နေ့မှာ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ပါတယ်။
တာဝန်မှယာယီရပ်ဆိုင်းခံရသူတွေအထဲမှာ ပါမောက္ခ၊ တွဲဘက်ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိက၊ သရုပ်ပြနဲ့ ဌာနမှူးတွေအပြင် အကြီးတန်းစာရေးတွေလည်း ပါဝင်ပါတယ်။
“ဆရာမတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ခဲ့တဲ့အတွက် ဒီစာက ကျမအတွက် ဂုဏ်ယူစရာပါ”လို့ တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ ဆရာမတစ်ဦးက ပြောပါတယ်။
အလားတူ မအူပင်ကွန်ပျုတာတက္ကသိုလ်က ပါမောက္ခအပါအဝင် ဆရာဆရာမ ၃၁ ဦးကိုလည်း မေလ ၆ ရက် နေ့မှာ တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
တက္ကသိုလ်ဆရာဆရာမတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းကတည်းကစပြီး အကြမ်းမဖက် အာဏာဖီဆန် CDM လှုပ်ရှားမှုပြုလုပ်နေကြတာဖြစ်တယ်။