ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲမှာ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား ဒီကနေ့မနက်က တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ကေအိုင်အေတပ်ဖွဲ့ဝင်တွေရှိရာ အာလောဘွမ်တောင်ကုန်းတောင်တန်းဘက်ကို စစ်ကောင်စီ ဘက်က လေကြောင်းကနေရော၊ မိုးမောက်၊ ဗန်းမော်အခြေစိုက်စစ်စခန်းနဲ့ သူတို့ရောက်ရှိတဲ့ ရွာထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာကို ကြားနေရတယ်လို့ မိုးမောက်မြို့နယ် ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းကျော်သီဟက ဒီဗွီဘီကို ပြောပါတယ်။
“ပစ်ခတ်သံတွေက မိုးမောက်ကနေကြားနေရပါတယ်ခင်ဗျ၊ ဗန်းမော်ကနေလည်း ကြားရတယ်၊ မနေ့ညရော ဒီကနေ့ရော ပစ်နေကြတာပါပဲ၊ ဖြစ်တာက ခါတိုင်းနေရာတွေမှာပါပဲ၊ ကေအိုင်အေတွေက ကုန်းလော၊ စီဟတ်၊ မြို့သစ်ရွာအရှေ့ဘက်တောင်ကြောတလျှောက်မှာ၊ မြန်မာတပ်ကတော့ သူတို့ကို ဗန်းမော်၊ မိုးမောက်က စစ်စခန်းတွေ ကနေ လှမ်းပစ်တယ်၊ နောက်ပြီး ရွာထဲကနေပြီးတော့လည်း ပစ်တာဘဲ၊ လေယာဉ်ပျံဝဲနေတာလည်းတွေ့ပါတယ်၊ လက်နက်ကျည်က ရွာထဲထပ်ကျတယ်၊ ရွာသားတွေက တော့အကုန်ထွက်ပြေးနေလို့ အထိခိုက်မရှိဘူး၊ အိမ်တွေတော်တော်များများတော့ ပျက်စီးတယ်လို့ ခုနက ရွာပြန်ပြီးပစ္စည်းသိမ်းတဲ့လူပြောပြတယ်၊ ပစ်ခတ်နေလို့ စာရင်းကောက်လို့မရဘူး၊ အရင်နေ့တွေရောပါရင် အိမ်အလုံး ၁၀၀ ကျော်ရှိမယ် ”
အခုလို ပစ်ခတ်မှုတွေ နေ့စဉ်မပြတ်ရှိနေတာကြောင့် ရင့်မှည့်နေတဲ့ ပြောင်းဖူး၊ မြေပဲ၊ သခွါး နဲ့ ဖရဲသီးတွေ မရိတ်သိမ်းနိုင်တော့ကြောင်း ၊ အဆိုပါစိုက်ခင်းတွေဟာ ကုန်းလော၊ စီဟတ်၊ မြို့သစ်၊ ကုန်းပေါင်းစတဲ့ ရွာသားပိုင်တွေဖြစ်ပြီး ဧကပေါင်း ၁၀၀၀ ကျော်တယ်လို့ သူကဆက်ပြောပါတယ်။
မိုးမောက်မြို့နယ်ထဲက တိုက်ပွဲကြောင့် ဧပြီ ၁၀ ရက်မှ မေလ ၃ ရက်နေ့အတွင်း လက်နက်ကြီးကျည်သင့်ကာ သံဃာတော် ၁ ပါးပျံလွန်ပြီး ပြည်သူ ၆ ဦး သေဆုံးခဲ့ရပါတယ်။ ဒဏ်ရရှိသူ ၄ ဦးလည်း ခုထိဆေးရုံမှာရှိနေပါတယ်။
တစ်လကျော်ကြာ ရက်ပေါင်းရှည်ကြာတိုက်ပွဲဖြစ်နေတာကောင့် မိုးမောက်မြို့နယ် ရွာပေါင်း ၁၀ ကျော်က ပြည်သူ ၅၀၀၀ ကျော်ဟာ ဗန်းမော်မြို့နဲ့ အခြား ဘေးလွတ်ရာဒေသကို တိမ်းရှောင်နေရပြီး စားရေးသောက်ရေးနဲ့ နေထိုင်ရေးအခက်အခဲတွေလည်း ရှိနေပါတယ်။