စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကို မေလ ၄ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ကြေညာပါတယ်။
ဖက်ဆစ်အာဏာရှင်တို့ရဲ့ ဝါဒမှိုင်း ဖြန့်ချိရေးအတွက် အသုံးချကျွန်ပညာရေးစနစ် အမြစ်ပြတ် ပြုတ်ကျရေးနဲ့ အနာဂတ်ဖယ်ဒရယ်ပညာရေးစနစ် ကျင့်သုံးနိုင်ဖို့အတွက် တော်လှန်ရေး ကြားကာလအတွင်း ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီကို ဆရာများ ကိုယ်စားလှယ်၊ ကျောင်းသားများ ကိုယ်စားလှယ်၊ ဝန်ထမ်းများ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့လိုက်ကြောင်း ထုတ်ပြန်ပါတယ်။
ကလေးတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီက အနာဂတ်ဖယ်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ပေါက်လာနိုင်ဖို့ တက္ကသိုလ်များ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကလေးတက္ကသိုလ်ရဲ့ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းတွေနဲ့ ကျောင်းသားထုကို ကိုယ်စားပြုရမယ်လို့ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တာဝန်ခံရမယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကြေညာတဲ့ ပဋိညာဉ်ကို ရေးဆွဲရမယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။