မကွေးတိုင်းနဲ့ ချင်းပြည်နယ်စပ်ရှိ ယောဒေသ ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်ထဲမှာ မေလ ၄ ရက်နေ့က စစ်ကောင်စီအကြမ်းဖက်တပ်တွေကို ဒေသခံတွေက ရရာလက်နက်စွဲကိုင်ကာ ပြန်လည်ခုခံတိုက်ခိုက်နေကြပါတယ်။
စစ်အုပ်စုက ပြည်သူတွေအပေါ် ဖိနှိပ်အကြမ်းဖက်မှုတွေ တစ်ရက်ထက် တစ်ရက် ဆိုးဝါးလာနေတာကြောင့် မခံနိုင်တော့တဲ့အတွက် အခုလို ရရာလက်နက်စွဲကိုင် တော်လှန်တာ ဖြစ်တယ်လို့ ဒေသခံတချို့က ဒီဗွီဘီကို ပြောပါတယ်။
ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း မနက်ပိုင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦး ကျဆုံးထားသလို ပြည်သူတွေဘက်ကလည်း ကျဆုံးသူတချို့ ရှိပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်နေသလို ပြည်သူတွေဘက်ကိုလည်း အနီးအနားမြို့တွေက လာရောက်ဝိုင်းဝန်းနေကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ကမ်းရှိ သာကောင်းကျေးရွာအနီးမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေ တိုက်ပွဲဖြစ်ပွားနေကာ ထိခိုက်ကျဆုံးမှု အသေးစိတ်တော့ မသိရသေးပါဘူး။
ဒီတိုက်ပွဲတွေကို စစ်ကောင်စီက စစ်အင်အားဖြည့်တဲ့အနေနဲ့ ကလေးမြို့ကနေ စစ်ကားကြီး ၇ စီးနဲ့ လာရောက်နေကြောင်းလည်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့ကလည်း ယောနယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဟားခါးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ CDF(Hakha)တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီအကြမ်းဖက်တပ်က ၄ ဦးသေဆုံးတယ်လို့ CDF က သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကလေး-ဂန့်ဂေါကားလမ်းပေါ်က ဆည်တောရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိခိုက်ကျဆုံးမှုအခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ တူမီးကိုင်ဆောင်သူတွေ ကလေး-ဂန့်ဂေါလမ်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားကာ ပြည်သူတချို့ ကျဆုံးခဲ့ပါသေးတယ်။
ဂန့်ဂေါ-ကလေးလမ်းမှာ မကြာခဏဆိုသလို စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ပြည်သူတွေ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။