ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကုန်းလောရွာအနီး မေလ ၃ ရက်မနက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကေအိုင်အို သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။
“ဟုတ်ပါတယ် ဒီမနက် ကျနော်တို့ ကေအိုင်အေ ရှိတဲ့ စလောင်းကုန်းဘက်မှာ လေယာဉ်နဲ့ လာပစ်တယ်။ နောက်ပြီးတော့ ဂျက်ဖိုက်တာတွေနဲ့လာပစ်တယ်။ အဲလိုလာပစ်တာတွေကို ကျနော်တို့ခုခံပြီးမှ ကျနော်တို့ ဟယ်လီကော်ပတာကို ကျနော်တို့ ကေအိုင်အေ ရဲဘော်တွေပစ်တာ ဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒီနေ့မနက်ပိုင်းကစပြီး ခုချိန်ထိ အကြမ်းဖက်စစ်တပ်ဘက်က ဂျက်တိုက်လေယာဉ်တွေ၊ တိုက်ပွဲသုံး စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်နေတာဖြစ်ပြီး တိုက်ပွဲသုံး စစ်ရဟတ် ယာဉ်တစ်စင်း ကိုတော့ မြို့သစ်နဲ့ ကုန်းလောကြားမှာ ပစ်ချနိုင်ခဲ့တာလို့ ကေအိုင်အေက ပြောတယ်။
ဒါ့အပြင် မိုးမောက်ဘက်ကနေ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာတွေဘက်ကို ကျရောက်ပြီး ပြည်သူတချို့ထိခိုက်တာတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီလေတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။