စစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ ဧပြီ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့သူ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီတွေ့ဆုံဆွေးနွေးမှုဟာ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီး နှစ်ဘက်စလုံးက သတင်းမထုတ်ပြန်ဖို့ ကတိပြုထားခဲ့ကြတယ်လို့ ဆိုပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေချိန်မှာ မွန်လက်နက်ကိုင်တပ်ဖွဲ့ကို စစ်ကောင်စီက နေပြည်တော်ကို ခေါ်ယူတွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို နေပြည်တော်သို့ သီးခြား ခေါ်ယူ တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ DKBA နဲ့ KNU/ KNLA-PC ငြိမ်းချမ်းရေးကောင်စီအဖွဲ့တို့ကိုလည်း အကြမ်းဖက်စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။