ရန်ကုန်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှာ ဧပြီ ၃၀ ရက်က “အသံမတိတ် အလံမလိပ် တောင်ဒဂုံသပိတ်” စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုကို ပြောက်ကျားပုံစံနဲ့ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
လက်ရှိအတည်ပြုရသလောက် မိန်းကလေး ၃ ယောက်နဲ့ ယောကျ်ားလေး ၁ ယောက် စုစုပေါင်း ၄ ယောက် ဖမ်းဆီးခံရတာဖြစ်ပြီး တချို့ကဖြတ်လမ်းတွေကနေ လိုက်လာပြီးဆန္ဒပြကြတာဖြစ်လို့ ဖမ်းခံရသူအရေအတွက်ကို ထပ်မံစုံစမ်းနေတယ်လို့ သပိတ်မှာပါဝင်သူတွေက ပြောပါတယ်။
“အာဏာရှင်ပညာရေး သပိတ်မှောက်ကြ”၊ “စစ်ကျွန်ဥပဒေ အမြစ်ဖြုတ်” စတဲ့ ကြွေးကြော်စာတန်းတွေကို ကိုင်ဆောင်ဟစ်ကြွေးပြီး ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြစစ်ကြောင်းဟာ ဂိတ်ဟောင်းလမ်းဆုံအနီးအရောက် မနက် ၉ နာရီခွဲဝန်းကျင်မှာတော့ အကြမ်းဖက်စစ်ကောင်စီ တပ်နဲ့ ရဲတွေရဲ့ ဖမ်းဆီးဖြိုခွင်းတာ ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် သပိတ်လှုပ်ရှားမှုမှာ ပါဝင်တဲ့ လူငယ်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်ခေါင်းဆောင် လူငယ်တစ်ဦးက ပြောပါတယ်။