မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၂၉ ရက်ညက မင်းတံတားရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သဖန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးခဲ့ရာမှာ သဖန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို မတွေ့တာကြောင့် သားဖြစ်သူကို ဖမ်းဆီးသွားပါတယ်။
အလားတူ ကျပ်ပြင်အုပ်စုအုပ်ချုပ်ရေးမှူးကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားတာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး တခြားအုပ်ချုပ်ရေးမှူးဟောင်းတွေကိုလည်း လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ လက်နက်ကိုင် ရဲနဲ့ စစ်တပ်တွေက ရပ်ကွက်ထဲဝင်ပြီး တအိမ်ဝင်တအိမ်ထွက် လိုက်လံ စစ်ဆေးနေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူပန်နေရတယ်လို့ဆိုပါတယ်။
မိုးကုတ်မြို့က CDM ဝန်ထမ်းတွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ သပိတ်ခေါင်းဆောင်တွေကို နေအိမ်တွေမှာ ရဲနဲ့စစ်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး မတွေ့ပါကမိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးနေတာလို့ သိရပါတယ်။