စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာက ပြည်သူတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ရန်ရှာ ဖမ်းဆီးသတ်ဖြတ်၊ ခေါ်ယူစစ်ဆေးနေတာကြောင့် နီးဆက်ရာဒေသနဲ့တောတွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစားအစာနဲ့သောက်သုံးရေ ပြတ်လပ်နေတယ်လို့ ရွာနေပြည်သူတစ်ဦးက ပြောဆိုပါတယ်။
"စစ်ခွေးတွေက ကျနော်တို့ ယာကြီး ဘုန်းတော်ကြီးကျောင်းထဲမှာ တပ်ဆွဲပြီး ရွာထဲလူတွေကို သူတို့မထင်ရင် မထင်သလို ဝင်ဖမ်း ရိုက်နှက် ခေါ်စစ်ဆေးတော့ ရွာသားတွေက ကြောက်လှန့်ပြီး ရွာနဲ့နီးစပ်တဲ့တောတွေထဲ ရှောင်ပုန်းနေကြရတယ်။ အဲဒီတော့ တောထဲ တောင်ထဲ သူတို့နဲ့ဝေးရာ အကုန်ထွက်ပြေးကြရတာပဲ။ လက်ရှိမှာတော့ အတော်ကြီးကို ဒုက္ခရောက်တယ်။ ပြေးလွှားရတာဆိုတော့ အစားအသောက် အနေအထိုင် အရမ်းကို ဒုက္ခရောက်နေတယ်။ တောထဲဆိုတော့ ရက်ရှည်လာတော့ အစားအသောက်နဲ့ သောက်သုံးရေပြတ်လပ်နေတယ်၊ သောက်ရေ ဆို အတော်လေးခက်ခဲနေတယ်။ တောထဲက ချောင်းတွေထဲ လက်ယက်တွင်းလေးတွေတူးပြီး သောက်သုံးနေရတယ်။ နွေရာသီလည်းဖြစ်တော့လူဦးရေလည်းများတော့ မလုံလောက်ဘူး။ ကြာလာရင်လူတွေ ကျန်းမာရေးထိခိုက်နိုင်တယ်။ အခုဆိုရင် အသက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ ကိုယ်ဝန်ေဆာင်သူတွေလည်းပါတယ်။ အဓိကကတော့ အစားသောက်နဲ့ရေပေါ့ဗျာ အတော်လေးခက်ခဲနေတယ်ဗျ။”
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကနီနဲ့ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေရှိပြီး ပြည်သူတွေကလည်း ရရာလက်နက်တွေနဲ့ပြန်လည် ခုခံနေတာလည်းရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က လာပို့ကျေးရွာအနီး မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ရွာသားတွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။