တောင်တွင်းကြီးမြို့နယ် ကြို့ချောင်းနဲ့ ပျဉ်ချောင်းရွာသားတွေကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်တွေက ရွာထဲကို ရှာဖွေ၊ အိမ်တွေကို ဖျက်ဆီးတာကြောင့် အဲဒီရွာသားတွေ အားလုံးတိမ်းရှောင်နေခဲ့ကြပြီး အခုတော့ တချို့ရွာကို ပြန်လာကြတာပါ။
"ရွာအခြေအနေ ပြန်ကြည့်တဲ့ သူတချို့ကို စစ်တပ်က ဖမ်းလိုက်တယ်။ သူတို့က အရင် အိမ်တွေကို ဖျက်ပြီးကတည်းက ရွာနားမှာပဲ တပ်စွဲထားတာ။ ပြီးတော့ ဖမ်းခံရတဲ့သူ တစ်ယောက်စီကို ၁၀ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ မရှိ၊ ရှိတာတွေ စုဆောင်းပြီး ပြန်ရွေးရတာပေါ့။ အခုတော့ ဖမ်းခံထားရသူအားလုံးကို ပြန်ရွေးပြီးပါပြီ" လို့ ဒေသခံတယောက်က ပြောပါတယ်။
တောင်တွင်းကြီးမြို့မှာလည်း အင်တာနက်သုံးနိုင်သူ မရှိသလောက်ဖြစ်ပြီး သတင်း အဆက်အသွယ် ပြတ်တောက်သလို ဖြစ်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ လက်ပါးစေတွေဟာ ထင်သလို ဖိနှိပ်လုပ်ဆောင်တာတွေ ရှိနေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။