မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ရေပူကျောင်းမှာ သတင်းသုံးနေတဲ့ ဦးပဉ္စင်းတပါးကို ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက ရဲနဲ့စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက် ဖမ်းဆီးသွားပါတယ်။
ရေပူဘုန်းကြီးကျောင်းကိုလည်း အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကဝင်မွှေသွားပြီး နောက် ဦးပဉ္စင်းကို ဖမ်းဆီးသွားတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ရေပူကျောင်းက ဦးပဉ္စင်းဟာ ရေပူဆရာတော်ရဲ့ တပည့်ဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး မိုးကုတ်သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
မိုးကုတ်မြို့မှာ သပိတ် စတင်ဖြိုခွင်းခံရစဉ်ကလည်း ရေပူဆရာတော်နဲ့ အတူ ဖမ်းဆီးခံရပြီးနောက်နောက်ပြန်လွတ်လာတာ ဖြစ်ပါတယ်။
အဆိုပါဦးပဉ္စင်းဟာ အခု နောက်တစ်ကြိမ် ထပ်မံဖမ်းဆီးခံရတာဖြစ်ပြီး အာဏာသိမ်း စစ်တပ်ဟာ မိုးကုတ်မြို့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကိုလည်း ဆက်တိုက် လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ရေပူဆရာတော်ကိုလည်း မိုးကုတ်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ စလုပ်ကတည်းက ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီး လူဝတ်လဲ အကျဉ်းချခဲ့ပြီး ပုဒ်မ ၁၁၃ အမှုတခု ထပ်တိုးတရားစွဲထားပါတယ်။