ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်နေအိမ်ကို ဧပြီး ၂၀ ရက် ညနေပိုင်းမှာ အကြမ်းဖက်စစ်သားနဲ့ရဲတွေက တတိယအကြိမ် ဝင်ရောက်ကာ တီဗွီ၊ ဘီရို ရေခဲသေတ္တာ စတဲ့ ပရိဘောဂပစ္စည်းတွေကို ရိုက်ခွဲ ဖျတ်ဆီးပြီး အဝတ်အထည်အ သုံးအဆောင်တွေကို အိမ်နောက်ဖေးမှာ လွှင့်ပစ်ထားခဲ့ကြတယ်လို့ သိရပါတယ်။
ဦးထွန်းဝင်းအောင်တို့ မိသားစုကတော့ ခင်ဦးမှာ အပစ်အခတ်ကြမ်းတမ်းခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ နောက်ပိုင်းကတည်းက တိမ်းရှောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဦးထွန်းဝင်းအောင်က "စစ်သားနဲ့ရဲတွေက လူတွေလိုက်ဆွဲ၊ မတွေ့ရင် တွေ့တဲ့လူဆွဲ၊ ဘယ်သူမှမရှိရင် သူတို့မျက်စိကျတဲ့ ပစ္စည်းတွေနဲ့ ငွေတွေကို ယူသွားတယ်။ အခုဆိုရင် ဖျက်ဆီးတဲ့အဆင့်ပါ ဖြစ်နေပြီ။ ဒါတွေကို ပြည်သူတွေက ဒိအတိုင်းငြိမ်ခံနေရတယ်။ ရှောင်ပြေးနေရတယ်။ လှုပ်ရှားတဲ့သူတွေအပြင် သူ့ တို့မိသားစုပါ ရှောင်နေရတဲ့ အနေအထားတွေ ဖြစ်နေတယ်။ ဒါပေမဲ့ မြို့က ဦးဆောင်သူတွေ လှုပ်ရှားသူတွေအားလုံးဟာ ရှောင်နေပေမဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေကြတာ ဖြစ်တယ်။ အချိန်တန်ရင် ကျနော်တို့ပြန်လာမယ်။ ဒါကို မြို့လူထု သိရင် ကျနော်တို့လည်း အားရှိရတယ်'' လို့ ပြောပါတယ်။
ပထမအခေါက် မတ် ၂၇ ရက်နေ့မှာ နေအိမ်ကို ဝင်ရောက်စဥ်က ဖိုင်ဘာ ဦးထုပ်တွေနဲ့ ခွပ်ဒေါင်းအလံတွေကို သိမ်းသွားပြီး နောက်ရက်တွေမှာလည်း နေအိမ်ကို မကြာခဏဝင်ရောက်ရှာဖွေနေတာလို့ ဆိုပါတယ်။
နေအိမ်အပြင် အောင်ချမ်းသာ ရပ်ကွက်ရုံးကိုလည်း သုံးလေးကြိမ် ဝင်စီးခဲ့ဖူးပြီး ရုံးမှာထားတဲ့ ဝန်းထရံတွေ သဲအိတ်တွေ တွေကိုလည်း ဖြုတ်သိမ်းသွားတယ်လို့ သိရပါတယ်။
အဲ့ဒီ့ ရပ်ကွက်ရုံးကို 'မြို့နဲ့ရပ်ကွက် လုံခြုံရေးမီးကင်း’ အဖြစ် ပြည်သူတွေက ပြုလုပ်ထားကာ ရပ်ပေါင်း ၄၀ ကျော် ကင်းစောင့်ခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကင်းကိုလည်း မကြာခဏ အလစ်ဝင်ပြီး ကင်းသမားတွေကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီ့လို ပျက်ဆီးသွားတဲ့ နေအိမ်နဲ့ရပ်ကွက်ရုံးကို ရပ်ကွက်နေပြည်သူတွေက မှတ်တမ်းဓာတ်ပုံတွေ ရယူထားပြီး ခြေရာလက်ရာမပျက် ထားရှိထားကြတယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက "ခင်ဦးမြို့ပေါ်မှာ ဒီလိုကင်းပေါင်း ၁၅ ခု ရှိတာဖြစ်လို့ အကြမ်းဖက်တွေအတွက် စိုးရိမ်စရာအင်အားတစ်ခုဖြစ်နေတာကြောင့် အခုလို လိုက်လံ ဖျက်ဆီးနေတာ'' လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်ဟာ ခင်ဦးမြို့ သပိတ်ဖြစ်မြောက်ရေးနဲ့ CDM ကူညီထောက်ပံ့ရေးမှာ ပါဝင်ဆောင်ရွက်ထားသူဖြစ်ပါတယ်။
ခင်ဦးမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု ဆန္ဒပြပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေကြောင့် သပိတ်တွေမရှိတော့တာ တစ်ပတ်ကြာခဲ့ပြီလို့ သိရပါတယ်။