Home
မြန်မာသတင်း
ကျိုင်းတုံအခြေစိုက် RCSS စခန်းကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်
DVB
·
April 19, 2021
175134055_937107377126240_2737046726170565422_n
174353598_937107450459566_3974755245619672503_n
174166886_937107373792907_598800698526950389_n
173860181_937107390459572_1169768787032760261_n
173270833_937107467126231_2194411020361077411_n

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွိုင်ကော်ဝမ်းရှိ  RCSS/SSA ရှမ်းပြည်တပ်မတော် စစ်စခန်းကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ  တုံတာမြို့နယ်အခြေစိုက် မြောက်တပ်က ဧပြီ ၁၈ ရက် ညနေပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ 

မနေညနေ ၅ နာရီခွဲကျော် ၆ နာရီလောက်မှာ RCSS/SSA စစ်ဒေသ ( ၁ ) နယ်မြေ ဟွေ့ပန်ကွဲရွာဘက်ကို ၁၂၀ မမ လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့လို့ အနီးနားရှိ ရွာသားပေါင်း ၁၀၀ ကျော် ထိတ်လန့်တကြားနဲ့ ထွက်ပြေးလာခဲ့တယ်လို့  RCSS/SSA  ဒေသ (၁) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကွဏ်းစင့်က ဒီဗွီဘီကို ပြောပါတယ်။ 

“လက်နက်ကြီးကျည်က တုံတာအခြေစိုက် အမှတ် ၃၅၈ အမြောက်တပ်ရင်းဘက်ကနေ လာတာပါ။  ကျနော်တို့တပ်ရဲ့ အနောက်ဘက် စစ်ပြေးရှောင်တွေနေတဲ့ ပန်ကွဲရွာဘက်ကို ကျလာ တယ်။  လူနေအိမ်တွေတော့မထိဘူး ကျွဲတင်းကုပ်၊ နွားတင်းကုပ်နားကျတယ်။ ကျွဲနွားတွေလည်း စားကျက်ထဲမှာဆိုတော့ လူနဲ့တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ ဒါပေမဲ့ အဲဒီဘက်က လယ်ယာထဲမှာအလုပ်လုပ်နေတဲ့လူတွေတော့ ကြောက်လန့်ပြီး ကျနော်တို့တပ်ဘက် ထွက်ပြေး လာကြတယ်၊  လူတစ်ရာလောက်ရှိမယ်”။

ထွက်ပြေးလာတဲ့ရွာသားတွေကို သူတို့တပ်ဘက်က စောင့်ရှောက်ထားကြောင်း၊  သူတို့တပ်နဲ့ တုံတာအခြေစိုက် စစ်တပ်ဟာ မျက်နှာချင်းဆိုင်ရှိပြီး အရင်က ထိတွေ့ပစ်ခတ်မှု အနည်း ငယ်ရှိခဲ့ပေမယ့် ဒီတခေါက်တော့ လက်နက်ကြီးနဲ့အပစ်ခံရတာဖြစ်ပြီး ဘာကြောင့်ပစ်သလဲ ဆိုတာ မသိရဘူးလို့ ဗိုလ်မှူးကြီး ကွဏ်းစင့်က ပြောပါတယ်။ 

အခုလို အပစ်ခံရတာနဲ့ပတ်သက်ပြီး ဌာနချုပ်ကိုတော့ အကြောင်းကြားထားကြောင်း၊ သူတို့ တာဝန်ကတော့ မိမိတပ်လုံခြုံရေးနဲ့ မိမိနယ်မြေထဲက ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဒီမတိုင်ခင် မတ်လကုန်ပိုင်းက ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့  RCSS/SSA စစ်စခန်းတွေကို ခြေမှုန်းသွားမယ်လို့  ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ ထိုင်း-မြန်မာ နယ်ခြားကော်မတီကို အကြောင်းကြားထားကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ 

RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ)မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024