မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့က တအာင်းပလောင်လူငယ်တာဝန်ခံ ကိုမိုင်းဝဏ္ဏနဲ့ လီဆူသူဌေး ဦးအောင်သိန်းတို့ကို ဧပြီ ၁၉ ရက်နေ့ မနက် ၅ နာရီလောက်က အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက အင်အားသုံးပြီး နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကိုမိုင်းဝဏ္ဏကို တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပတ်သက်တယ်လို့ ယူဆပြီး ဖမ်းဆီးတာဖြစ်ပြီး ဖုန်းနဲ့ လက်ပ်တော့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။
ဦးအောင်သိန်းကိုတော့ ဘာကြောင့်ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။
ကိုမိုင်းဝဏ္ဏက မိုးကုတ်မြို့မှာ တအာင်းလူငယ်အရေးတွေကို တာဝန်ယူဆောင်ရွက်ပေးခဲ့သူ ဖြစ်ပါတယ်။
ပလောင်ကျေးရွာဖြစ်တဲ့ ဖြူရောင်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်က အင်အားသုံးတပ်စွဲ ထားပြီး အောင်ချမ်းသာ ရပ်ကွက်ထဲမှာလည်း အင်အားသုံးကာ တပ်ဖြန့်ထားတယ်လို့သိရပါတယ်။