စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် လာပို့ကျေးရွာအနီးမှာ ဧပြီ ၁၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူ ၂ ယောက် ကျဆုံးသွားကာ တချို့ဖမ်းဆီးခံခဲ့ရပါတယ်။
မနေ့ နေ့လည်ပိုင်းက လာပို့ကျေးရွာအနီး မုံရွာ-ယာကြီး-ကလေးဝလမ်း ၆၄ မိုင် အနားမှာ ကင်းစောင့်နေတဲ့ ဒေသခံရွာသားတချို့ကို စစ်တပ်က လာရောက်အကြမ်းဖက်ပစ်ခတ်ခဲ့တာ ကြောင့် ရွာသားတွေက တူမီးသေနတ်နဲ့ ပြန်လည်ခုခံရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
“ကျေးရွာလုံခြုံရေးအတွက် ကင်းစောင့်နေတဲ့ ဒေသခံတွေကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့လာပစ်တယ်။ လက်နက်ကြီးတွေနဲ့ပါပစ်တယ်။ အဲလိုပစ်လို့ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပြန်ခုခံပစ်တယ်။ ဒီနေ့အထိနှစ်ဘက်တင်းမာမှုတွေကတော့ရှိနေတုန်းပဲ။ ရွာသားတွေကတော့ ကြောက်ကြလို့ တောတွေထဲမှာ ပုန်းရှောင်နေကြရတယ်”လို့ လာပို့ ရွာသား တစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
စစ်တပ်က မင်းကင်းမြို့နယ် တောင်တွင်းချောင်ဘက်ကနေလာတာဖြစ်ပြီး လမ်းသွားလမ်းလာတွေနဲ့ လမ်းဘေးစျေးဆိုင်က ဒေသခံပြည်သူတွေကို ရိုက်ပုတ်စစ်ဆေးတာတွေရှိခဲ့တဲ့အပြင် ဒေသလုံခြုံရေးဆောင်ရွက်နေတဲ့ ဒေသခံပြည်တွေကို စတင်ပစ်ခတ်တာလို့ ဒေသခံပြည်သူတစ်ဦးက ဆိုပါတယ်။
လာပို့ရွာသားတစ်ဦးက “အခုကျနော်တို့ ပြည်သူတွေနဲ့ စစ်တပ်အပြန်အလှန်ပစ်ခတ်တယ်။ စစ်တပ်ကားတွေ ကျနော်တို့ရွာအထိလာတယ်။ ဒါကြောင့် ပြည်သူတွေက ပြန်ပစ်ခတ်တာ။ ဒေသခံတွေက တူမီးသေနတ်တွေနဲ့ ပစ်ခတ်တာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးကျဆုံးပြီး စစ်ကောင်စီဘက်က ဒဏ်ရာရသွားသူတွေလည်း ၅ ယောက်လောက်ရှိနိုင်တယ်လို့ဆိုပါတယ်။
ဒေသခံပြည်သူဘက်က ၁ ဦးကတော့ ခြေထောက်ထိဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်းနဲ့ ကိုအောင်ကျော်ဦးအမည်ရှိတဲ့ သစ်ခေါက်ကျေးရွာက ၁ ဦးကိုတော့ စစ်တပ်က အရှင်ဖမ်းမိသွားတယ်လို့ ဆိုပါတယ်။
ကနီမြို့နယ်မှာ စစ်အုပ်စုဘက်က အရာရှိ ၁ ဦးကို ရွာသားတွေကဖမ်းဆီးထားပြီး မုံရွာသပိတ် ခေါင်းဆောင် ကိုဝေမိုးနိုင်ကို လွှတ်ပေးပါက အဆိုပါအရာရှိကို ပြန်လွှတ်ပေးမယ်လို့ ရွာသားတွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။
“အရင်နေ့က ဗိုလ်မှူးတစ်ယောက်ဖမ်းထားတယ်။ မနေ့ကလည်း ဆိုင်ကယ်နဲ့လာခဲ့တယ်။ ဖမ်းထားလိုက်တယ်။ အရင်နေ့က ဖမ်းထားတဲ့ ဗိုလ်မှူးကို ကိုဝေမိုးနိုင်နဲ့ လူချင်းလဲလှယ်ဖို့ ပြောတယ်။ လက်မခံဘူး”လို့ ဒေသခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ရာကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်ကား ၃ စီးနဲ့ အင်အား ၈၀ လောက်ရှိနေကာ ဧပြီလ ၁၈ ရက် ဒီနေ့မနက်အစောပိုင်း ၃ နာရီလောက်က စစ်တပ်ဘက်က သေနတ်ပစ်ဖောက်မှုတွေရှိပေမဲ့ ပြည်သူတွေဘက်ကတော့ ပစ်ခတ်မှုမရှိခဲ့ဘူးလို့ ဒေသခံပြည်သူက ပြောပါတယ်။
ကနီမြို့နယ်မှာ ပြီးခဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူတွေ ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ ၆ ဦးကျဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာရှိတဲ့ လာပို့ကျေးရွာအုပ်စုဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၂၈၉၃ ဦးနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။