အကြမ်းဖက် စစ်အုပ်စုရဲ့ မတရားရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ မုံရွာမြို့လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တွေ့ဆုံခွင့်ရဖို့နဲ့ ဆေးကုသမှု ခံယူခွင့်ပေးဖို့ သူ့ရဲ့ မိခင်ဖြစ်သူက တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၁၅ ရက်နေ့က မုံရွာပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်တွေနဲ့ လှည်လည်ဆန္ဒပြနေစဉ် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်တပ်ကအိမ်စီးကားနဲ့ တမင်ဝင်တိုက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
သားဖြစ်သူဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ကိုဝေမိုးနိုင်ရဲ့ မိခင်ဖြစ်သူက “ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော လုပ်ရပ်ဖြစ်၍ နိုင်ငံရေးအရ အရေးယူခြင်းကို ရင်ဆိုင်စေရန် ဝန်မလေးပါ။ လုပ်ကြံဖန်တီးထားသည့်၊ ရက်စက်ပြင်းထန်သည့် အမှုခင်းများအား လက်မခံနိုင်ပါ အသိအမှတ်မပြုပါ။ ကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးထားခြင်းအတွက် ပြင်းထန်သော ဒဏ်ရာများ ရရှိနေကြောင်း ကြားသိရပါသဖြင့် ဆေးကုသမှု ခံယူရရှိစေချင်ပါသည်။ မိခင်တစ်ယောက်အနေနဲ့ သားနှင့် တွေ့ခွင့်ပေးရန်လည်း တောင်းဆိုပါသည်။ သက်အန္တရာယ်ကင်းရှင်းကြောင်း သိရပြီးမှသာ မိခင်တယောက်အနေဖြင့် စိတ်အေးရပါမည် "လို့ ကိုဝေမိုးနိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။
ကိုဝေမိုးနိုင်ဖမ်းခံရပြီး ရိုက်နှက်ခံထားရတဲ့ ဓာတ်ပုံတစ်ပုံလည်း လူမူကွန်ယက်စာမျက်နှာတွေမှာ ဧပြီ ၁၆ ရက် ညနေပိုင်းက စတင်ပျံ့နှံ့နေပါတယ်။