ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ကျတဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုပါဝင်သူ အထူးကု ဆရာဝန် ၄ ယောက်ကို အာဏာသိမ်း စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်လိုက်ပြီး မြို့ခံ တခြားဆရာဝန် ၁ ယောက်ကို ခဏဖမ်းဆီးလိုက်ပါတယ်။
ဧပြီ ၁၄ ရက် မနေ့မနက် ၁၁ နာရီလောက်က ဗန်းမော်မြို့ရှိ Ocean Mobile Mart ပိုင်ရှင် ဒေါက်တာအောင်ပြည့်စုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်မှာလာရောက်အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
နေ့လည်ပိုင်းမှာတော့ သူတို့ဖမ်းဆီးချင်တဲ့သူ မဟုတ်ဘူးဆိုပြီး ဒေါက်တာအောင်ပြည့်စုံကို ပြန်လွှတ်ပေးခဲ့တယ်လို့ သူနဲ့နီးစပ်သူတွေထံက သိရှိရပါတယ်။
ဗန်းမော်ဆေးရုံက အထူးကုဆရာဝန်တွေဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းဝင်း၊ ဒေါက်တာဂမ်မင်းထက်၊ ဒေါက်တာလျန်လင်းထွေးနဲ့ ဒေါက်တာဗညားတို့ဟာ CDM လှုံ့ဆော် ကိုယ်တိုင်ပါဝင်တယ်ဆိုပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီရဲ့ အာဘော် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဗန်းမော်ခရိုင်မှာ စစ်အာဏာသိမ်းစစ်ကောင်စီကို အာဏာဖီဆန် CDM လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို စစ်အုပ်စုက လိုက်လံဖမ်းဆီး ခြိမ်းခြောက်ဖိအားပေးမှုတွေ မျိုးစုံလုပ်နေတာကြောင့် CDM ဝန်ထမ်းအများစုက တိမ်းရှောင်နေကြရပါတယ်။