ကချင်ပြည်နယ် မိုးမောက်မြို့နယ်မှာ ဧပြီ ၁၃ ရက်က တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ် လှုပ်ရှားမှုတစ်ခုကို ဒေသတွင်းက အမျိုးသမီးတွေ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံရေးအကြပ်အတည်းတွေအကြား အမျိုးသမီးတွေရဲ့ စွမ်းရည်ဗဟုသုတ တိုးတက်စေဖို့ ရည်ရွယ်ကာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ပပျောက်လျော့နည်းစေဖို့ ရည်မှန်းလုပ်ဆောင်တာလို့ သိရပါတယ်။
ပွဲဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးက "အမှန်က မတ် ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ပါ၊ ဒါပေမဲ့ နိုင်ငံရေး အပြောင်းအလဲတွေရယ်၊ ဘဏ်တွေမှာ ပိုက်ဆံထုတ်မရတာရယ်၊ အမျိုးသမီးများအတွက် ဒီလိုမျိုး သီးသန့်လုပ်တဲ့ ပွဲတွေ နည်းပါးတာရယ်၊ အမျိုးသမီးများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တာကြောင့် အခက်အခဲကြားက မလုပ်မဖြစ်လုပ်ခဲ့ကြတယ်”လို့ ဆိုပါတယ်။
ဒီပွဲကို မိုးမောက်မြို့နယ်တစ်နေရာမှာ လူဦးရေ ၁၀၀ လောက်နဲ့ ပထမဆုံး ပြုလုပ်ခဲ့ပြီး မေးခွန်းတွေမေးမြန်းတာ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအကြောင်းဟောပြောတာ၊ အဖြေမှန်သူတွေကို ဆုချီးမြင့်ပေးတာ ၊ လက်ရှိ နိုင်ငံရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ လုံခြုံမှုရှိစေ ရေး စတဲ့ အစီအစဉ်တွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ချိန် မငြိမ်သက်မှုဖြစ်စဉ်အပေါ် အခွင့်ကောင်းယူကာ အမျိုးသမီးတွေ လူကုန်ကူးခံရတာ၊ သွေးဆောင်ဖြားယောင်း အဓမ္မပြုကျင့်ခံရတာ၊ မူးယစ်ဆေးဝါးသားကောင်အဖြစ် သိမ်းသွင်းခံရတာ၊ စီးပွားရေး အမြတ်ထုတ်ပြီး ပြည့်တန်ဆာလုပ်ငန်းတွေဆီသို့တွန်းပို့ခံရတာ၊ အိမ်တွင်း အကြမ်းဖက်မှုခံရတာတွေ ပိုမိုများပြားနေပြီး အမျိုးသမီးတွေ လုံခြုံမှုမရှိတဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒီဆွေးနွေးပွဲကနေ သိရှိရပါတယ်။