ကချင်ပြည်နယ် ဗန်းမော်မြို့ မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား သီဟဝင်း (လ-၂၅၃၉၃၅)ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှဒ CDM မှာ ပါဝင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းလိုက်ပါတယ်။
ဗန်းမော်မြို့မှာ ပြည်သူလူထုအပေါ် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ပစ်ခတ်နှိမ်နှင်းခဲ့တာဟာ ပြည်သူတွေအပေါ် မတရား ထိခိုက်နစ်နာအောင် ဥပဒေမဲ့ပြုလုပ်စေခိုင်းတာဖြစ်လို့ ဒီလိုမျိုးလုံးဝ မလုပ်ဆောင်နိုင်တဲ့အတွက် မတ်လ ၂၈ ရက်နေ့မှာ တရားဝင်စာတင်ပြီး CDM မှာပါဝင်ခဲ့တာလို့ ရဲတပ်သား သီဟဝင်းက ဆိုပါတယ်။
လုံခြုံစိတ်ချရတဲ့ နေရာသို့ တိမ်းရှောင်ရောက်ရှိပြီးချိန် ဧပြီ ၁၃ ရက်နေ့ရောက်မှ နောက်ကျပြီးမှ ပြည်သူလူထုထံတရားဝင် ပေးသိရတာဖြစ်တယ်လို့ ဗန်းမော်လူမှုကွန်ရက်မှာ ပြောပါတယ်။
ဗန်းမော်မြို့ရပ်ကွက်တွေအတွင်း မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းခဲ့ပြီး ပလောင်အမျိုးသမီးတစ်ဦး ကျဆုံးခဲ့ရပါတယ်။ ဒါ့အပြင် လူငယ်တစ်ဦးလည်း ကျည်ဆန်ထိမှန်ခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြကာ ဖမ်းဆီးခံရသူ ၁၀ ဦးထက် မနည်းရှိခဲ့ပါတယ်။
သေနတ်ကျည်ဆန် ဆီးခုံကို ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မောင်မျိုးသန့်ကျော်ဟာ မတ်လ ၃၁ ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။