ရုပ်ရှင်သရုပ်ဆောင်မင်းသား ဒေါင်း အပါအဝင် ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့မီဒီယာက ဧပြီ ၁၀ ရက်စွဲနဲ့ ထပ်မံ ကြေညာပါတယ်။
အမှုဖွင့်ခံထားရသူတွေအထဲမှာ ဒေါင်း(ခ)သူရအောင်၊ သီရိမေ၊ နန်းဖြိုး၊ စုယဉ်ထွန်း၊ အိအိလင်း၊ ဒေါက်တာတေဇာထွန်း၊ မိုရ်လွင်၊ ညိုညိုစိမ့်၊ အိအိဖြူ၊ လမင်းအောင်၊ မင်းသိန်း၊ ယုယုလွင်၊ မိုမိုဝင်း၊ ဝင်းထွန်း၊ သူဟန်လင်း၊ ဇာနည်မောင်မောင်၊ လင်းခိုင်၊ ကဗျာဝန်းရံ၊ နိုင်နိုင်အောင်နဲ့ ဝေလင်းဖြိုးတို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၅၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်နဲ့ မော်ဒယ်ပိုင်တံခွန်ကိုလည်း ပြီးခဲ့တဲ့ပိုင်းက ရန်ကုန်ရှိ သူ့တို့ရဲ့နေအိမ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
Photo- Credit