ဧပြီ ၇ ရက်နေ့ ကျောက်ဆည်ဒေါင်းစစ်သည်သပိတ်စစ်ကြောင်းဖြိုခွင်းခံရပြီး အဖမ်းခံလိုက်ရတဲ့ ကျောက်ဆည်နည်းပညာတက္ကသိုလ်ကျောင်းသား ၂ ဦးအပါအဝင် ၃ ဦးကို ဒီနေ့မနက်က အိုးဘိုထောင် ပို့လိုက်ကြပြီလို့ သိရပါတယ်။
တက္ကသိုလ်ကျောင်းသား ကိုအောင်ကျော်ကျော်၊ ကိုဇာနည်ဘုန်းနိုင်(ဂျပန်ကြီး) နဲ့ ဒေသခံ ကိုဇင်မျိုးကိုကို တို့ကို ဧပြီ ၂၁ ရက် ရမန်ယူတဲ့နေ့အထိ ကျောက်ဆည်မြို့မရဲစခန်းမှာ ထားမယ်လို့ ကျောက်ဆည်ရဲတပ်ဖွဲ့က ပြောကြားထားပေမဲ့ ဒီနေ့မနက် ထောင်ကို ချက်ချင်း ပို့လိုက်တာဖြစ်ပါတယ်။
ဖမ်းဆီးတဲ့နေ့မှာပဲ အဲ့ဒီ့လူငယ်တွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာထားကာ အကြိမ်ကြိမ် ရိုက်နှက်ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။
ကိုအောင်ကျော်ကျော်ဆီက ကျောက်ဆည်လူငယ်ကွန်ရက် ရန်ပုံငွေ ၅ သိန်းကျော်နဲ့ ငွေစာရင်းရှင်းတမ်းတွေကိုပါ ရဲတွေက ရှာဖွေ လုယူသွားကြတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံ ၃ ယောက်ကို ဆူပူအကြမ်းဖက်မှုဆိုကာ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီနေ့က ဆန္ဒပြခဲ့ကြတဲ့လူငယ်တွေဟာ ကျောက်ဆည်မြို့မှာ ရှာဖွေမှုတွေ ဆက်ရှိနေတာကြောင့် မလုံခြုံတော့ဘဲ ရှောင်တိမ်းနေရတာလည်း ဖြစ်ပါတယ်။