မြန်မာနိုင်ငံမှာ စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေတာကို ရပ်တန့်အောင်ဖိအားပေးဖို့နဲ့ စစ်အုပ်စုကို အကူအညီမပေးဖို့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက ဧပြီ ၅ ရက်မှာ တိုကျိုမြို့ရှိ ဗီယက်နမ်နိုင်ငံသံရုံးထံ အချက် ၄ ချက်ပါတဲ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုပါတယ်။
အခု ဧပြီလအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရတဲ့ ဗီယက်နမ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကြမ်းဖက်သတ်ဖြတ်နေတာတွေကို ရပ်တန့်အောင် ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ တောင်းဆိုခဲ့တာပါ။
ဆန္ဒပြပွဲဦးဆောင်သူ ကိုမျိုးမင်းဆွေက “ကျနော်တို့တွေလည်း ပြည်တွင်းက မြန်မာနိုင်ငံသားတွေနဲ့ တသွေးတည်း တသားတည်း ရှိတယ်။ ရှားရှားပါးပါးတွေ့ရခဲတဲ့ ဂျပန်ပြည်သူတွေဟာ အခုလို သံရုံးတွေမှာ တောင်းဆိုနိုင်အောင်၊ စစ်အာဏာရှင်တော်လှန်းရေးမှာ ပူးပေါင်းပါဝင်လာတယ်။ အကြံဉာဏ်တွေ ပေးတယ်။ ကျနော်တို့က ရှေ့ဆက်ပြီး အရေးတော်ပုံအောင်တဲ့အထိ ပြည်တွင်းက ညီအစ်ကိုတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်”လို့ ပြောပါတယ်။
အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ဖို့၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာခံနေရတဲ့ မြန်မာနိုင်ငံကို R2P ဝင်ရောက်အောင်လုပ် ဆောင်ပေးဖို့၊ ဗီယက်နမ်အစိုးရ အနေနဲ့ မြန်မာစစ်တပ်နဲ့လုပ်ငန်းပူးပေါင်းဆောင်ရွက်နေတာ၊ စစ်အုပ်စုကို အကူအညီပေးနေတာ တွေရပ်ဖို့နဲ့ CRPHကို တရားဝင်အစိုးရအနေနဲ့အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ စတဲ့ အချက် ၄ ချက်ပါအိတ်ဖွင့်တောင်းဆိုစာကို ဗီယက်နမ်သံအမတ်ကြီးထံ ပေးအပ်ခဲ့ပါတယ်။
ဂျပန်ရောက် မြန်မာနိုင်ငံသားတွေဟာ အိတ်ဖွင့်ပေးစာ ပေးအပ်ခဲ့သလို စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးကို မိုးလေတွေကြားကနေ ကြွေးကြော်သံနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ ကြပါတယ်။