စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ ဒီကနေ့ ဧပြီလ ၅ ရက် နေ့လည်ပိုင်းက ပင်မသပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့လို့ ပြည်သူ ၁ ယောက် ကျဆုံးကာ ၂ ယောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်အဖမ်းခံခဲ့ရပါတယ်။
ပင်မသပိတ်စစ်ကြောင်းက ပညာရေးဝန်ထမ်းတွေကို သင်တန်းပေးနေတဲ့ စာသင်ကျောင်းရှေ့ကနေ ဖြတ်အသွားမှာ သေနတ်နဲ့ စတင်ပစ်ဖောက်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီအတွက် ပြန်လွှတ်ပေးဖို့ တောင်းဆိုတာကနေ အကြမ်းဖက်အင်အားသုံးဖြိုခွင်းခံရကာ အသက် ၂၀ ဝန်းကျင်လူငယ်အမျိုးသား ၁ ဦး ဆီးခုံ ထိမှန်သေဆုံးခဲ့တဲ့အပြင် မိန်းကလေးငယ် ၁ ဦး လက်မောင်းထိမှန်ခဲ့ပြီး ယောက်ျားလေး ၁ ဦးကတော့ ခြေထောက်ကို ထိမှန်ကာ စိုးရိမ်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ကသာအကျဉ်းထောင်ပို့ဖို့ စီစဉ်နေတဲ့အတွက် ဝိုင်းဝန်းတားဆီးတာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့က ပထမဆုံးအကြိမ်အဖြစ် ထိခိုက်ကျဆုံးတာလည်းဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ်၁၀ မြို့နယ်မှာ အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးသူ ၆၁ ဦးရှိပြီလည်းဖြစ်ပါတယ်။