ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ်၊ မိုင်းပတ်အုပ်စု၊ ဝမ်လွယ်ကျေးရွာရှိ တွင်ခုံလုပ်ငန်းတစ်ခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ရဲတွေ လာရောက်စီးနင်းပြီး အိမ်ရှင်နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ သားအဖ ၃ ဦး သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီကျော်လောက်မှာ စစ်တပ်နဲ့ရဲ အင်အား ၃၀ လောက်က ကား ၄ စီးနဲ့ ဝမ်လွယ်ကျေးရွာရှိ ဦးစိုင်းဆန်အုံရဲ့ တွင်ခုံလုပ်ငန်းကို ရောက်ရှိလာပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံရွာသား ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရဲတွေရောက်လာပြီး သူတို့သားအဖကို အပြင်ထွက်လာခိုင်းတယ်။ သူတို့က ထွက်မလာဘူး။ အဲဒီနောက် နှစ်ဘက်ပစ်ခတ်တာ တိုက်ပွဲဖြစ်တဲ့အတိုင်းပဲ။ နောက် သူတို့သားအဖ ထွက်ပြေးဖို့ကြိုးစားတယ်ထင်တယ်။ အပြင်ရောက်လာတော့ သေနတ်မှန်သွားတာ။ သားနှစ်ယောက်ကပွဲချင်းပြီးသေတယ်။ သူတို့အဖေက ဒဏ်ရာရတယ်။ သူတို့အားလုံးကို ရဲတွေက ကားပေါ်ပစ်တင်ပြီး တန့်ယန်းဆေးရုံပို့လိုက်တယ်။ ဆေးရုံရောက်တော့ အဖေလည်း သေသွားတယ်တဲ့။ သူတို့သားအဖအလောင်းကို ဒီနေ့သင်္ဂြိုလ်မယ်လို့ကြားတယ်။”
သေဆုံးသူ ၃ ဦးမှာ ဖခင်ဖြစ်သူ ဦးဆန်အုံ(၅၅ နှစ်)၊ သားဖြစ်သူ စိုင်းဝမ်း ( ၃၀ နှစ်)နဲ့ စိုင်းထွန်းကျော် (၂၈နှစ်)တို့ဖြစ်ပါတယ်။ ဦးဆန်အုံမှာ SSPP/SSA တပ်ဖွဲ့ဝင်ဟောင်း ၁ ဦးဖြစ်ကြောင်း၊ သေနတ်ကျွမ်းကျင်သူဖြစ်ပြီး သူ့ရဲ့တွင်ခုံလုပ်ငန်းမှာ သေနတ်အဟောင်းပြင်ဆင်တာနဲ့ တူမီးသေနတ်ပါ ထုတ်လုပ်ရောင်းချနေတယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်ရှေ့က သူတို့ဆီမှာ သေနတ် ၃ လက် ဝယ်သွားသူတစ်ဦးမှာ ရဲတွေရဲ့ ဖမ်းဆီး မှုကိုခံခဲ့ရပြီး သေနတ်ဝယ်ခဲ့တဲ့နေရာကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ထိုသူရဲ့ ထွက်ဆို ချက်အရ တာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးစဉ် ပစ်ခတ်မှုဖြစ်ပွါးခဲ့ရတာလို့ ရွာသားက ပြောပါတယ်။
ပစ်ခတ်မှုကြောင့် သူတို့အိမ်နံရံတွေလည်း ပေါက်သွားသလို တအိမ်လုံးလည်းမွှေနှောက်ရှာဖွေပြီး ငွေနဲ့ အဖိုးတန်ပစ္စည်းတွေ သိမ်းသွားကြောင်း၊ တွင်ခုံစက်နဲ့ ပြင်ဆင်ထုတ်လုပ်ဆဲသေနတ်တွေ၊ ကျည်ဆန်တွေအပြင် ကား ၁ စီး၊ ထော်လာဂျီ ၁ စီး၊ ဆိုင်ကယ် ၄ စီးကိုပါ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
သူတို့သားအဖဟာ အဲဒီရွာမှာ တွင်ခုံဆိုင်လာဖွင့်တာ ၃- ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး သေနတ်တွေ လုပ်နေတာဟာ အန္တရာယ်ရှိသလို ရွာနဲ့မနီးမဝေးမှာလည်း မြန်မာစစ်စခန်းတစ်ခုရှိတာကြောင့် ပြဿနာဖြစ်မှာစိုးလို့ ရွာသားတွေက ရွာပြင်မှာသွားလုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် သူတို့က နားမထောင်ဘဲ အဲဒီမှာဆက်လုပ်နေတာလို့ ရွာသားက ပြောသွားပါတယ်။
Photo Credit- Hmine Wai