တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့ပေါ်ကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်တွေ အင်အားအလုံးအရင်းနဲ့ ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက်မှာ ဝင်ရောက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တန့်ယန်းမြို့ခံတဦးက “ ‘ဝ’ တပ်ဖွဲ့တွေ စစ်ကားတွေနဲ့ အင်အားအပြည့်အစုံ တန့်ယန်းမြို့ထဲကို ဒီမနက်ပိုင်း ရောက်လာတယ်။ ကားအစီးရေ မနည်းဘူးပဲ။ မြို့ပတ်လည်ကိုလည်း ‘ဝ’ တပ်တွေ ဖြန့်ထားတယ်” လို့ ပြောပါတယ်။
တန့်ယန်းမြို့နယ်နဲ့ UWSA ထိန်းချုပ်ထားတဲ့နယ်မြေဟာ သံလွင်မြစ်ပဲ ခြားပါတယ်။ အခုလို တန့်ယန်းမြို့ပေါ်ကို ဝင်ရောက်လာတာဟာ စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းပြီး ဝင်ရောက်လာတာလို့လည်း မြို့ခံတွေကြားမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
မြို့ခံတဦးက “စစ်တပ်က တန့်ယန်းကို ကာကွယ်ပေးဖို့အတွက် ‘ဝ’ တပ်ကို အကူအညီတောင်းလို့ ရောက်လာကြတာလို့ သတင်းတွေထွက်နေတယ်။ ဖြစ်လည်းဖြစ်နိုင်တယ်၊ စစ်တပ်က သံလွင်မြစ်ကူးတံတားထိ ‘ဝ’ တပ်တွေကို သွားကြိုလာတယ်” လို့ပြောပါတယ်။
‘ဝ’ တပ်ဖွဲ့တွေ တန့်ယန်းမြို့ပေါ် ဝင်ရောက်လာတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဘက်ကို မေးမြန်းဖို့ DVB က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တန့်ယန်းမြို့နဲ့ မိုင်းရယ်မြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်နဲ့ ပန်လုံမြို့ကို ၂၀၂၄ ဇန်နဝါရီ ၅ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ပြီး UWSA ‘ဝ’ တပ်ဖွဲ့ကို ပြန်လည်လွှဲပြောင်းပေးအပ်တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
ခွန်ဇော်ဦး