ကေအိုင်အေနဲ့ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက်မြန်မာ့တပ်မတော်သားတွေကို လက်ကမ်းကြိုဆိုနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) က ကြေညာပါတယ်။
လက်တဆုပ်စာ အာဏာရှင်အစုအဖွဲ့ရဲ့ အမိန့်ပေးစေခိုင်းမှုကြောင့် မြန်မာ့တပ်မတော်သားတွေအနေနဲ့ ဆွေမျိုးသားချင်း၊ ဇနီးသားမယားတို့ကို စွန့်ခွာပြီး ရှေ့တန်း တွန်းပို့ခံနေရတာသလို ကေအိုင်အေ အနေနဲ့လည်း မလွဲမရှောင်သာဘဲ မြန်မာ့တပ်မတော်သားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
ဒါကြောင့် ကေအိုင်အေနဲ့ လာရောက်ပူးပေါင်းလာသူတွေကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကြိုဆိုလက်ခံသွားမှာဖြစ်တယ်လို့ ကေအိုင်အေထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကွယ်ပျောက်သွားပါက နိုင်ငံသားအားလုံး မျှော်လင့်တောင့်တ နေတဲ့ လွတ်လပ်တရားမျှတသော ပြည်ထောင်စုနိုင်ငံတော်သစ်ဆီသို့ အမြန်ရောက်ရှိမယ်လို့လည်းဆိုပါတယ်။
လတ်တလော ကေအိုင်အေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး စစ်တပ်က တိုက်လေယာဉ်တွေနဲ့ လာရောက်ဗုံးကြဲတိုက် ခိုက်တာတွေလည်း ရှိနေပါတယ်။