စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှာ ဧပြီ ၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေက ဝင်ရောက်ပစ်ခတ်တာကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံတွေကလည်း ပြန်လည်ခုခံတိုက်ပွဲဝင်နေကြတယ်လို့ ရွာသား ၁ ဦးက ပြောပါတယ်။
သပြေအေးရွာက သပိတ်စစ်ကြောင်းကို ရွာကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်လိုလို ချင်းတွင်းတံတားထိပ်မှာလည်း ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်း ဆရာတော်ကို စစ်တပ်နဲ့ရဲက အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးရာမှာ ဖမ်းမရတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အခင်းဖြစ်နေရာမှာရှိတဲ့ ရွာသားက “အခုအခြေအနေက တော်တော်ဆိုးနေတယ်။ ဘုန်းကြီးကို ဝရမ်းထုတ်ထားတာ ဖမ်းမရတော့ ဒီနေ့မနက် ၃ နာရီခွဲလောက် စစ်သားနဲ့ရဲအင်အား ၈၀ ကျော်လောက်နဲ့ တပ်ဖြန့်ပြီး လာဖမ်းတာ။ ဖမ်းမရတော့ ပစ်တာ၊ ဒီဘက်ကလည်း တုတ်တွေ၊ ဓားတွေ၊ တူးမီးတွေနဲ့ ပြန်လည်ခုခံကြတယ်။
အခင်းဖြစ်နေရာမှာရှိတဲ့ ရွာသားက “လောလောဆယ် ၄ ယောက် ဒဏ်ရာရတယ်၊ ၂ ယောက်က ပြန်ရတယ်၊ လက်ရှိအနေအထားကတော့ ၁ ယောက်က စိုးရိမ်ရတယ်။ ၂ ယောက်က အခင်းဖြစ်နေရာကနေ ကောက်လို့ မရသေးဘူး။ သူတို့လက်ထဲမှာဆိုတော့ အခြေအနေစိုးရိမ်ရတယ်။ အသေအပျောက်ကတော့ နှစ်ဖက် ဘယ်လောက်ဆိုတာ လောလောဆယ်မသိရသေးဘူး။” လို့ ပြောပါတယ်။
လက်ရှိမှာ တပ်ကူလာတဲ့ကားတွေကိုလည်း ဒေသခံတွေက မလာနိုင်အောင် ခုခံကာကွယ်တားဆီးနေသလို ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
“ရွာထဲမှာတော့ ထွက်ပြေးကုန်ပြီ၊ လက်ရှိ ရွာထဲမှာ ခုခံတော်လှန်နေကြတဲ့ သူတွေရှိတယ်။ တခြားရွာတွေကလည်း လာဝိုင်းရံတော့ ရွာသားတွေဘက်ကလည်း အင်အားများတယ်။ စစ်သားအင်အားကလည်း နောက်ထပ် ကားလေးငါးစီးလောက်နဲ့ ထပ်တိုးလာတော့ စုစုပေါင်း ၂၀၀ လောက်ရှိတယ်။ လက်ရှိအချိန်ထိ အခြေအနေ အတော်ဆိုးတယ်။”
သပြေအေးရွာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ မပါတဲ့ ဌာနဆိုင်ရာ တာဝန်ရှိ အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေကိုလည်း နာမည်စာရင်းတွေနဲ့ ကန့်ကွက်နေတဲ့ ကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။