ဧရာဝတီတိုင်း မအူပင်မြို့ရှိ ကရုဏာလူမှုရေးအဖွဲ့ရုံးခန်းကို အကြမ်းဖက်စစ်အုပ်စုနဲ့ဆက်နွှယ်တဲ့ လင်မယားနှစ်ယောက်က ရဲနဲ့ စစ်တပ်နဲ့အတူ မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ လာရောက်ဖျက်ဆီးသွားပါတယ်။
“ကျနော့် ရုံးခန်းထဲဝင်လာတယ် သူ့ကို Facebookမှာ ဝင်ရေးတဲ့ ကောင်လေးကို လာရှာတာလို့ပြောတယ်၊ လင်မယားနှစ်ယောက်စလုံး ဓားကိုင်ပြီးလာတာ၊ တပ်နဲ့ရဲတွေလဲပါလာတယ်၊ အသင်းကကောင်လေးတစ်ယောက်ကို ပါးရိုက်သွားတယ်၊ အသင်းကခုံတွေ ကန်ချိုးသွားတယ်”လို့ အသင်းဝင်တစ်ယောက်ကပြောပါတယ်။
ကရုဏာလူမှုရေးအဖွဲ့ဟာ အကြမ်းဖက်စစ်အုပ်စုအပါအဝင် မိသားစုတွေကို ကျန်းမာရေးကိစ္စတွေနဲ့ နာရေးကိစ္စတွေမှာ အကူညီမပေးဘူးလို့ ကြေညာထားတဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ ကရုဏာအဖွဲ့က ခေါင်းဆောင်တစ်ဦးကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုထားပါတယ်။