ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မနေ့က အကြမ်းဖက်စစ်တပ်က ရပ်ကွက်ထဲ ဝင်ရောက်ပစ်ခတ်တဲ့အတွက် လူငယ် ၁ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရသလို အဖမ်းခံရသူတွေလည်း ရှိနေပါတယ်။
ပြောက်ကျားပုံစံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေတဲ့ လူငယ်တွေဟာ ညနေပိုင်းက မြေဖြူရပ်ကွက်ထဲရှိနေစဉ် အကြမ်းဖက်စစ်တပ်နဲ့ရဲက အသံဗုံးနဲ့ရော ကျည်ဆန်အ စစ်နဲ့ပါ ပစ်ခတ်တဲ့အတွက် အသက် ၂၀ နှစ်အရွယ် လူငယ် ၁ ဦး ကျဆုံးခဲ့ပြီး ၉ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ တောင်ကြီးဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ညနေ ၄ နာရီခွဲလောက်က ကလေးတွေက ပြောက်ကျားလိုပုံစံနဲ့ လမ်းကြားတွေထဲမှာ ရှိနေတာပေါ့နော်။ အဲဒါကို သူတို့ရှိတဲ့နေရာကို ဟိုအကြမ်းဖက်သမားတွေက ပစ်တာ၊ အသံဗုံးနဲ့ ရော၊စက်သေနတ်နဲ့ဆွဲပစ်တယ်၊ ကျည်အစစ်နဲ့ပစ်တယ်၊ ကလေးတစ်ယောက် ခေါင်းပွင့်သွားတယ်။ သူ့ကိုဆေးရုံခေါ်သွားကြသေးတယ်။ ဆေးရုံရောက်မှ ညကျမှ ဆုံးသွားတာ။ ဆုံးသွားတဲ့ကလေးက စိုင်းဝေယံမိုးတဲ့၊ ချမ်းမြသာစည်က၊ နောက်ထပ်ဒဏ်ရာရတာ ၉ ယောက်လောက်ရှိတယ်၊ အဖမ်းခံရတဲ့ လူတွေလည်းရှိတယ်။ ကလေးတစ်ယောက်ဆိုရင် သေနတ်မှန်သွားတာကို ဆွဲခေါ်သွားတယ်။ သူ့ဖိနပ်တဖက် အိမ်ရှေ့မှာ ကျန်ခဲ့တယ်၊ ဘယ်သူ့သား သမီးလဲမသိဘူး၊ ကလေးတွေက နေရာပေါင်းစုံက လာတာ။”
မြေဖြူရပ်ကွက်ဟာ သပိတ်မှောက်သူတွေလာတတ်တဲ့ အနောက်မြို့ပတ်လမ်းနဲ့ နီးသလို ဒီမတိုင်ခင်က စစ်ကောင်စီအကြမ်းဖက်သမားဘက်က ၂ ဦး ချယ်ရီကွင်းဟိုတယ်နားမှာ ပျောက်သွားတဲ့သတင်းတွေလည်း ထွက်ပေါ်နေလို့ အဆိုပါရပ်ကွက်ကို ပိတ်ဆို့ဖမ်းဆီးနေတယ်လို့ ယူဆတယ်လို့ ဆိုပါတယ်။
မနေ့က ပစ်ခတ်သံတွေဟာ ညနေ ၆ နာရီကျော်လောက်မှာ ခဏငြိမ်သွားပြီး ည ၈ နာရီလောက်မှာ လမ်းမပေါ်လူမရှိဘဲနဲ့ တမြို့လုံး စက်သေနတ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်ခဲ့တယ်လို့ နောက်ဒေသခံတစ်ယောက်က ပြောပါတယ်။
ဒီကနေ့မနက်မှာတော့ အနောက်မြို့ပတ်လမ်း ညောင်ပင်သာရပ်ကွက်နားက အမှတ် ၃ စာသင်ကျောင်းထဲမှာ တပ်ကလာပြီး စခန်းချထားကြောင်း၊ စစ်တပ်တွေက နေရာတိုင်းမှာ အချိန်မရွေးပေါ်လာပြီး စစ်ချင်သူတွေစစ် ပစ်ချင်သလိုပစ် ဖမ်းချင်သလိုဖမ်းနေကြောင်းလည်း ဒေသခံတဦးက ပြောပါတယ်။
မနေ့ညက မင်းလမ်းပေါ်ရှိ မေရှမ်းကြေးအိုးဆိုင်ထဲဝင်သွားပြီး အလုပ်သမားတွေ ဝင်ဖမ်းသွားလို့ အလွန်အရေးမကြီးရင် ဘယ်သူမှအပြင်မထွက်ကြောင်း၊ ဈေးသည်တွေလည်း ထွက်ပြီးဈေးမရောင်းရဲ ၊ ဝယ်သူကလည်းအပြင်မထွက်ရဲ ၊ မျက်နှာစိမ်းဈေးသယ်ဆိုရင် ပြည်သူ ဘက်က ရပ်ကွက်လုံခြုံရေးအဖွဲ့တွေကလည်း ဒလန်ဖြစ်မှာစိုးလို့ အဝင်မခံတာကြောင့် အခြောက် အခြမ်းတွေနဲ့ ချွေတာစားသုံးနေရကြောင်း၊ တနေ့လုပ်တနေ့စား ဆင်းရဲသားတွေလည်း ဝမ်းစာရေး အခက်အခဲ ကြုံနေရတယ်လို့ တောင်ကြီးဒေသခံက ပြောပါတယ်။