ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့မှာ ယနေ့ မတ်လ ၂၇ ရက်မနက်က ပြုလုပ်တဲ့ အရုဏ်ဦး ဆိုင်ကယ်သပိတ်ကို ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ် ဖြိုခွဲလို့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီမနက် ၅ နာရီခွဲလောက်က ဆိုင်ကယ်သပိတ်စပြီးနောက် ပဲနွယ်ကုန်းနယ်မြေရဲစခန်းမှူး ဦးစီးတဲ့ နယ်မြေခံရဲတွေက ကားနဲ့လိုက်လာပြီး ကျောက်ကြီးလမ်းဘက်အထိ သေနတ်နဲ့ လိုက်ပစ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။
ပစ်ခတ်မှုကြောင့် သံမဏိရပ်ကွက်နေ ကိုကျော်ကျော် ဆိုင်ကယ်မောင်းနေစဉ် လဲကျသွားရာမှာ ရဲတွေရောက်လာပြီး တုတ်တွေ သေနတ်တွေနဲ့ ရိုက်သတ်ခဲ့ကြောင်း နောက်မှပါလာသူ ကိုကျော်သန်းထွန်းကိုလည်း ဝိုင်းရိုက်ထားတဲ့ ဒဏ်ရာတွေကြောင့် တောင်ငူ ဆေးရုံကို ပို့နေတယ်လို့ သိရပါတယ်။ ကိုကျော်ကျော်ကတော့ ဒီမနက် ၇နာရီမှာ ကျောက်တံခါးစစ်ဆေးရုံမှာ ကျဆုံးခဲ့ပါတယ်။
ကျဆုံးသူ ကိုကျော်ကျော်ဟာ အသက် ၄၅ နှစ် အဘ ဦးအောင်မြင့် သံမဏိရပ်ကွက်နေသူဖြစ်ပြီး ဇနီးမထွေးထွေးစိုးနဲ့ သားတစ်ဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့ပါတယ်။