ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲ နမ့်မန်းရွာနားက လမ်းဘေးထမင်း ဆိုင်နဲ့စားသောက်ဆိုင်တွေ မတ်လ ၂၅ ရက် မနေ့ညပိုင်းက မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီမတိုင်ခင် လွန်ခဲ့တဲ့ ၂ ရက်ကတော့ ရွာ အနီးတဝိုက်မှာ TNLA နဲ့ RCSS တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လက်နက်ကိုင်အဖွဲ့က ခြိမ်းခြောက်ခံထားရတာလည်း ရှိကြောင်း ၊ နယ်မြေမတည်ငြိမ်ပေမယ့် ဝမ်းစာရေးကလည်းရှိနေတော့ ဆိုင်သွားဖွင့်ကြရာမှာ ဒီကနေ့မနက်မှာ ပြာပုံဖြစ်သွားတဲ့ ဆိုင်တွေကို တွေ့ခဲ့ရတာလို့ ဆိုင်ပိုင်ရှင်နဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“ အဲဒီထမင်းဆိုင် ၊ စားသောက်ဆိုင်ပိုင်ရှင်တွေကတော့ နမ့်မန်းရွာကပါဘဲရှင့် ၊ ဒါပေမဲ့ တိုက်ပွဲတွေဖြစ်တော့ တချို့က ကျောက်မဲကို တချို့က မိုင်းငေါ့ဘက်ဆွေမျိုးရှိတဲ့နေရာတွေတိမ်း ရှောင်ကြတယ်၊ ဆိုင်မဖွင့်ရင်လည်း ဝင်ငွေမရှိတော့ နယ်မြေမတည်ငြိမ်ပေမယ့် သွားရောင်းကြရ တာပါပဲ၊ ဒီကနေ့မနက်စောစော အဲဒီနားဖြတ်သွားတဲ့လူတွေတွေ့တော့ ဖုံးဆက်လာတာ၊ ၁၁ မိုင်ရွာသားတွေကလည်း မနေ့ည ၈ နာရီလောက်မှာ မီးလောင်နေတာတွေ့တယ်တဲ့၊ နယ်မြေအ ခြေနေမကောင်းတော့ သူတို့လည်းသွားမကြည့်ရဲဘူး၊ ဒီမနက်ဆိုင်ရှင်တွေ သွားကြည့်တော့ ဆန်တွေ ဆီတွေ သားငါးဟင်းချက်စရာတွေရော၊ ရေခဲသေတ္တာ၊ တီဗွီ၊ စားပွဲ၊ ကုလားထိုင်၊ ဘီရို တွေ ဘာမှမကျန်ဘူး၊ အကုန်လောင်သွားတယ်၊ ဆုံးရှုံးမှုတော့ မတွက်ရသေးပါဘူး ”
မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ စုစုပေါင်း ၁၀ ခန်းကျော်ရှိကာ ဆိုင်ရှင် ၄ ဦး ပိုင်ဆိုင်ကြောင်း၊ ကျောက်မဲမြို့နဲ့ ၁၃ မိုင်အကွာ မိုင်းငေါ့သွားကားလမ်းပေါ်မှာတည်ရှိပြီး ဈေး ဆိုင်ဖွင့်လာတာ နှစ်ပေါင်းသုံးလေးဆယ်ရှိပြီမို့ တိုက်ခန်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထား တာ လို့ ဆိုပါတယ်။
နယ်မြေအေးချမ်းစဉ်က အိမ်ဆိုင်လိုဖြစ်ပြီး ခုရက်ပိုင်းတွင်းတော့ တိုက်ပွဲဖြစ်လို့ ဆိုင်မှာ မအိပ်နိုင်ကြောင်း ၊ မီးဘေးအန္တရာယ်ကိုတော့ အမြဲသတိထားကြတဲ့အတွက် ပေါ့ဆမီးကြောင့် လောင်သွားတာလုံးဝမဖြစ်နိုင်ဘူးလို့ ဆိုင်ရှင်တွေက ယူဆပါတယ်။ ဒီကနေ့အခြေအနေအရ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေလည်း ရှိနေလို့ ဆိုင်ခန်း မီးလောင်ဆုံးရှုံးရတဲ့အပေါ် ဘယ်ဌာနကို တိုင်ကြားရမှန်းမသိဘဲ အားကိုးရာမဲ့နေတယ်လို့ ဆိုင်ရှ င်တစ်ဦးက ပြောပါတယ်။