ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီကို မလိုလားကြောင်း ဆန့်ကျင်ဆန္ဒပြလို့ အဖမ်းခံရသူ ၃ ယောက်ဟာ ထောင်ချုပ်မှာ ၁ လကျော်ကြာနေပြီးတဲ့နောက် အာမခံနဲ့ မတ် ၂၃ ရက်မှာ ပြန်လွတ်လာပါတယ်။
သဘာဝဘေးစီမံဥပဒေနဲ့ တရားစွဲခဲ့တာမှာ တရားလိုပြသက်သေတွေကို စစ်ဆေးပြီး တဲ့နောက် အဖမ်းခံရသူတွေဟာ စွဲထားတဲ့ ပုဒ်မနဲ့ မညီညွတ်တဲ့အတွက် ပုဒ်မပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြောင်းလဲသွားတဲ့ ပုဒ်မ ၃၀ (က) ဟာ အာမခံလျှောက်ထားလို့ရတဲ့အတွက် အမှုမှာလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေက ဒီနေ့မှာ အာမခံလျှောက်ထားခဲ့ပြီး အခုလို လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာ ကိုအောင်ခိုင်မြင့်၊ ကိုရန်ပိုင်ထွေးနဲ့ မမြဝင်းတို့ ၃ ယောက်လွတ်မြောက်ခဲ့တာပါ။
ကျန်ရှိနေသေးတဲ့ ဦးခင်မောင်ကိုတော့ မနက်ဖြန် ရုံးချိန်းမှာ အမှုစစ်ပြီး အာမခံလျှောက်ထားတဲ့အခါ လွတ်မြောက်လာနိုင်တယ်လို့ ဆိုကြပါတယ်။
အဖမ်းခံခဲ့ရတဲ့ ၄ ယောက်ဟာ ဖေဖော်ဝါရီ ၁၆ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြတုန်း အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။