မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် စမာကျေးရွာမှာ စမာတိုက်နယ်ဆေးရုံက ဒေါက်တာရာဇာညွန့်ရဲ့ နေအိမ်ကို မတ်လ ၂၂ ရက်နေ့မှာ ရဲက ဝင်ရောက်စီးနင်းရာမှာ ဒေသခံတွေနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကာ ရွာသား ၉ ဦးကို ရိုက်နှက်ဖမ်းဆီးသွားပါတယ်။
ဒေါက်တာရာဇာညွန့်အိမ်ရဲ့အိမ်ကို ဝင်ရောက်စီးနင်းတာကို လက်မခံတဲ့အတွက် စမာရွာ ၊ ဘုံကွင်းကျေးရွာအုပ်စုအပါအဝင် အရှေ့ဘက်ကျေးရွာ(၂)ရွာ၊ အနောက်ဘက်ကျေးရွာ(၈)ရွာက ပြည်သူတွေကလာရောက် ဝန်းရံကြရာက ရဲတပ်ဖွဲ့က သေနတ်နဲ့ ခြိမ်းခြောက်ပစ်ခတ်ပြီး ရွာသားတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တာလို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။
"အခုလို ဝင်ရောက်စီးနင်းတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုယ့်မြေမှာ နေရတာကို မလုံခြုံသလိုခံစားရတယ်။ ကျောက်ဆည်မြို့နယ်မှာ ပစ်ခတ်မှုမရှိသေးပေမဲ့၊ ကျနော်တို့ရွာမှာ ခြိမ်းခြောက်ပစ်ခတ်မှု ၂၅ ချက်နဲ့ ၃၀ ချက်ကြားထိ ပစ်ခတ်ခဲ့တော့ ရွာသူရွာသားတွေလည်း ကြောက်လန့်တကြားဖြစ်တာပေါ့" ။
ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့ လာရောက်ဝန်းရံတဲ့ စမာကျေးရွာက အမျိုးသမီး ၂ ဦး၊ အမျိုးသား ၆ ဦး၊ ဘုံကွင်းကျေးရွာက အမျိုးသား ၁ ဦး၊ စင်းကွန်းကျေးရွာက အမျိုးသား ၁ ဦး စုစုပေါင်း ၉ ဦးကို ရဲက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒေါက်တာရာဇာညွန့်ကတော့ အဖမ်းမခံရဘဲ လွတ်မြောက်သွားတယ်လို့ သိရပါတယ်။