ကျောက်ဆည်မြို့နယ်ရှိ WWA အုတ်စက်ရုံတွင် ကလေးငယ် ၁ ဦး သေဆုံး
DVB
·
January 13, 2021
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ တုံလုံကျေးရွာအနီးက (WWA)အုတ်စက်ရုံ ခြံဝန်းထဲမှာ ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် အုတ်မြေကြိတ်စက် ညှပ်မိပြီး သေဆုံးသွားတယ်လို့ ကျောက်ဆည်မြို့မရဲစခန်းက သိရပါတယ်။
သေဆုံးသူကလေးငယ်ဟာ တုံလုံကျေးရွာကဖြစ်ပြီး မနက် ၇ နာရီလောက်က မြေသယ် အလုပ်သမား ၄ ယောက်နဲ့အတူ မြေသယ်နေခဲ့ရာကနေ မနက် ၉ နာရီအချိန်မှာ အုတ်မြေကြိတ်စက်ကိုင် ဦးမြင့်သန်းက အင်ဂျင်စက်သံကြားတာကြောင့် သွားရောက်ကြည့်ရှုရာမှာ ကလေးငယ်မှာ Mitsubish desel ဒီဇယ်အင်ဂျင်အမျိုးအစား အုတ်မြေကြိတ်စက် ခွေးသွားစိတ်တွေကြား ညှပ်မိပြီး ဦးခေါင်းအရေပြားပေါက်ပြဲလန် နောက်စေ့ပေါက်ပြဲ နဖူးပြင် ပေါက်ပြဲ ဒဏ်ရာတွေရရှိကာ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းအရ သိရပါတယ်။
ကလေးငယ်ရဲ့ ရုပ်အလောင်းကို အကြင်နာလူမှုကူညီရေးအသင်းက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးမှုနဲ့ ပတ်သက်ပြီး လူ့အသက်သေဆုံးတဲ့အထိ စက်ကိရိယာကို ပေါ့ဆစွာမောင်းနှင်ပြီး ကြီးကြပ်ခြင်းအားနည်းခဲ့တဲ့ အုတ်မြေကြိတ်စက်မောင်းနှင်သူ စက်ကိုင် ဦးမြင့်သန်းကို ကျောက်ဆည် မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။
သတင်း - နွေလှိုင်း(YU)