မန္တလေးတိုင်း မိတ္ထီလာမြို့ရှောင်လမ်း ညောင်မြင့်ရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် ၃၀၇/၁ မှာ မတ်လ ၂၂ ရက် မနက်က ရဲတပ်ကြပ်ကြီးနဲ့ သစ်တောဝန်ထမ်းတို့ ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကားလမ်းအနောက်ဘက်ဘေးမှာ သေနေတာတွေ့ရတာ ကြောက်တော့ သွားမကြည့်ရဲဘူး။ နောက်မှ ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ သစ်တောဝန်ထမ်း တစ်ဦး လို့သိရတယ်။ ရဲတွေနဲ့ ပရဟိတအသင်းက မိတ္ထီလာဆေးရုံကိုသယ်သွားတယ်"လို့ ပြောပါတယ်။
မိတ္ထီလာခရိုင် ရဲမှုခင်းနှိမ်နင်းရေးတပ်ကြပ်ကြီး ဦးအောင်သန်းဆွေနဲ့ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနတောခေါင်းဦးဝဏ္ဏတို့ နှစ်ဦးဟာ ပြတ်ရှဓားဒဏ်ရာတွေနဲ့ မိတ္ထီလာမြို့ရှောင်လမ်း အနောက်ဘက်ဘေးမှာ သေဆုံးနေတာကို မောက်လောက်ရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းကို အကြောင်းကြားပေးခဲ့တာလို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုအမှတ်စဉ် (ပ)၅၆/၂၀၂၁ နဲ့ လူသတ်မှု အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။