မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်အုပ်စု၊ ပန်းမအောက်ရပ်မှာ မတ်လ ၁၆ ရက်က စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သူတစ်ဦးကို ပြင်ဦးလွင် စစ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ဆက်သွယ်ခွင့်မပေးတဲ့အတွက် မိသားစုက စိုးရိမ်ပူပန်နေပါတယ်။
အသက် ၂၇ နှစ် အရွယ် ကိုနေမျိုး (ခ) မောင်လေးဟာ နာရေးအိမ်တစ်ခုကို သွားရောက်နေခိုက် စစ်တပ်က အဆိုပါရပ်ကွက်အတွင်း ဝင်ရောက်ပစ်ခတ်ရာက ကျည်ထိမှန်ခဲ့တာလို့ သိရပါတယ်။
ခါးဒဏ်ရာနဲ့ ပေါင်မှာ ကျည်ထိ ဒဏ်ရာတွေရရှိခဲ့တဲ့ ကိုနေမျိုးကို စစ်ဆေးရုံကို ခေါ်ဆောင်သွားပြီး မိသားစုနဲ့ တွေ့ခွင့် မပေးတဲ့အပေါ်မှာ မိုးကုတ်မြို့၊ တအာင်းပလောင်လူငယ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။
"စစ်ဆေးရုံမှာ ခေါ်သွားပြီးမှ မိသားစုဝင်တွေကို ဆေးရုံမှာ မထားဘဲနဲ့ ရပြီဆို ပြန်ခိုင်းပြီးတော့ မိသားစုဝင်တွေနဲ့ သူတို့ကို အနီးကပ် စောင့်ရှောက်ခွင့် မပေးဘူးဗျ"လို့ တအာင်းပလောင် လူငယ်တစ်ဦးက ပြောပါတယ်။
လတ်တလောမှာ အကြောင်းမဲ့ ပစ်ခတ်ခံခဲ့ရတဲ့ ကိုနေမျိုးအတွက် ရှေ့နေ ငှားရမ်းထားဖို့ကိုလည်း စစ်တပ်ဘက်ကနေ မိသားစုထံ အကြောင်းကြားလာတယ်လို့ သိရပါတယ်။