ကယားပြည်နယ်၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် သပိတ်စစ်ကြောင်းကို မတ် ၁၉ ရက်နေ့ မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲက ကျည်အစစ်သုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် အမျိုးသား ၁ ဦး ဆီးခုံ ကျည်ထိမှန်ကာ သေဆုံးခဲ့ပြီး သားဖွားဆရာမ ၁ ဦး ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
သပိတ်စစ်ကြောင်းက လူငယ်တချို့ ဖမ်းဆီးခံထားရပြီး အိမ်တွေထဲထားတဲ့ ဆိုင်ကယ်တွေကိုလည်း ဝင်ယူသွားတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါတယ်။
ဆီးခုံကျည်ထိမှန်သေဆုံးသွားသူဟာ အသက် ၄၆ နှစ်အရွယ် ဦးရှမ်းပုဖြစ်ပြီး မိုင်းလုံးရပ်ကွက် ပန်းနန်းဒါ လမ်းထဲ နေသူဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် အလိုမရှိ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြခဲ့ကြရာမှာ လွိုင်ကော်မြို့မှာ မတ်လ ၇ ရက်နေ့ကစပြီး ဆန္ဒပြလူထုကို ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီး မတ် ၁၉ ရက်နေ့မှာ ကျည်အစစ်တွေနဲ့ စတင်ဖြိုခွင်းတာဖြစ်ပါတယ်။