မန္တလေးတိုင်း ဝမ်းတွင်းမြို့ စက်မှူဇုန်မှာ မတ် ၁၇ ရက် နေ့လယ်က လောင်စာဆီသိုလှောင်ရုံမီးလောင်ရာ ဓာတ်ဆီ ဒီဇယ်ဆီဂါလန် ၂၅၀၀ နဲ့ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ဝမ်းတွင်းစက်မှူဇုန်ရှိ ဦးမြင့်ဦးပိုင်တဲ့ ပိုးဥပိုးရွှင်လောင်စာဆီ သိုလှောင်ရုံမှာ လောင်စာဆီပေပါထဲက လောင်စာဆီတွေကို ၅ ဂါလန်ဝင်ပုံးတွေထဲကို ပြောင်းလဲထည့်စဉ် ဆီဂေါက်နဲ့ ပေပါနှုတ်ခမ်းတို့ ပွတ်တိုက်မိတာကြောင့် မီးဖွားများပွင့်ထွက်ကာ မီးလောင်ခဲ့တာပါ။
ဝမ်းတွင်းမီးသတ်ဝန်ထမ်းတဦးက “လောင်စာဆီဆိုတော့ မီးသတ်ဆေးဘူး အလုံး ၂၀ နဲ့ အမြုပ်ဆေးရည် ၁၈၀ လောက်သုံးရတယ်။ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း မြို့ ၃ မြို့က မီးသတ်ကား ၁၇ စီးလောက်နဲ့ မီးငြိမ်းသတ်ရတယ်။ ၉၆ သိန်းလောက် ဆုံးရှုံးတယ်" လို့ ပြောပါတယ်။
သွပ်မိုးအုတ်ကာတစ်ထပ်နေအိမ်တစ်လုံးနဲ့ ဓာတ်ဆီ ဒီဇယ်လောင်စာဆီ ၂၅၀၀ ဂါလန် မီးလောင်ဆုံးရှုံးသွားပါတယ်။
မိတ္ထီလာမီးသတ်ကားတစ်စီး ဝမ်းတွင်းကို မီးငြိမ်းသတ်ဖို့လာစဉ် မိတ္ထီလာပြည်သာယာ ၃ လမ်းနဲ့ ၄ လမ်းကြားမှာ အမျိုးသမီးတဦး စီးလာတဲ့ ဆိုင်ကယ် ၁ စီးနဲ့ ချိတ်မိပြီးလဲကျသွားတဲ့အတွက် လက်ကျိုး၊ နံရိုးကျိုး၊ ဦးခေါင်းဒဏ်ရာရသွားပြီး မန္တလေးဆေးရုံမှာ ဆေးကုနေတယ်လို့ သိရပါတယ်။ မီးပေါ့ဆစွာအသုံးပြုသူ ဦးမြင့်ဦးအား ဝမ်းတွင်းမြို့မရဲစခန်းမှာ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်ထားပါတယ်။