တောင်ကြီးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေ ပြုလုပ်ထားတဲ့ အတားအဆီးတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီကနေ့မနက်မှာ ဖယ်ရှားရှင်းလင်းပြီး လမ်းဘေးက အိမ်တွေကိုလည်း အုတ်နီခဲ့တွေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်မတိုးရအောင် အရှေ့မြို့ပတ်လမ်းနဲ့ အနောက်မြို့ပတ်လမ်းဘက်မှာ ရရာပစ္စည်းတွေနဲ့ ကာဆီးထားတာကို လုံခြံရေးအဖွဲ့တွေက ဘူဒိုဇာကားနဲ့ ထိုးပြီးဖျက်ဆီးနေသလို လမ်းဘေးက အိမ်တွေကို အုတ်နီခဲတွေနဲ့ ပေါက်နေတယ်လို့ တောင်ကြီးမြို့ခံ တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့တွေက မင်းလမ်းမကြီးကို ပိတ်ထားပြီး ဆန္ဒပြသူတွေက အရှေ့မြို့ ပတ်လမ်းနဲ့ အနောက်မြို့ပတ်လမ်းမှာ ကားတာယာဟောင်းတွေ၊ တုတ်တန်းတွေ၊ ပေပါပုံးတွေ၊ ကျောက်တုံးကြီးတွေ ရရာပစ္စည်းတွေနဲ့ကာထားတာပေါ့။ အဲဒါ မနက် ၈ နာရီကျော်လောက်မှာ လုံခြုံရေးရဲတွေက လိုက်ဖယ်တယ်။ ဖယ်တာကောင်းကောင်းမဖယ်ဘူး၊ လမ်းဘေးကအိမ်တွေကို အုတ်နီခဲ တွေနဲ့ထုတယ်၊ ခြံတခါးတွေရိုက်တယ်၊ ဘယ်နှအိမ်ပျက်စီးလဲတော့မသိဘူး၊ ညီမတို့လည်း ကြောက်လို့ အောက်မဆင်းရဲဘူးရှင့်။”
သူတို့တားထားတဲ့ဟာတွေ အရှင်းခံရပေမယ့် ဆန္ဒပြသူတွေက သပိတ်စစ်ကြောင်းကိုတော့ နောက်မဆုတ်ဘဲ ပြောက်ကျားပုံစံနဲ့ လုပ်ဆောင်ကြကြောင်း၊ နေ့ခင်းပိုင်းမှာ မြို့မရဲစခန်းနား သွားပြီးတော့လည်း ဖမ်းထားတဲ့လူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ တောင်ကြီဒေသခံက ပြောသွားပါတယ်။