မကွေးတိုင်း ချောက်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရပြီး အနည်းဆုံး ၁၃ ယောက် အဖမ်းခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သဘင်အစည်းအရုံးရှေ့မှာ ၈ နာရီခွဲလောက် စုရပ် စစုတဲ့အချိန် စပစ်ပြီး ဖမ်းတာ၊ သတင်အစည်းအရုံးက ၂ ယောက်ပါသွားတယ်။ ဘေးက ၂ ယောက်ပါသွားတယ်။ နောက်ထပ် လမ်းထောင့်တွေမှာ တွေ့သမျှလိုက်ဖမ်းတာ၊ စုစုပေါင်း ၁၃ ယောက်လောက် အဖမ်းခံရတယ်။ အဲအဖမ်းခံရသူတွေကို ရဲစခန်းမှာ တောင်းဆိုဖို့ သွားစုတဲ့အချိန်မှာ သူတို့က စခန်းထဲက ထွက်လာပြီး ထပ်ပစ်တယ်။ ထပ်ပစ်ရုံတင်မကဘူး၊ ရပ်ကွက်တွေထဲအထိ လိုက်ပစ်တာ။”
ရဲတပ်ဖွဲ့က ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရပြီး စိုးရိမ်ရကာ ရာဘာကျည်ထိမှန်သူတွေအပါအဝင် ၁၀ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။