ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ သေနတ်ပစ်ဖောက်တာတွေ၊ ပိတ်ဆို့တားစီးတာ တွေ ပြုလုပ်နေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရပ်ကွက်၊ ကျေးရွာအလိုက် ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြပါတယ်။
မတ်လ ၁၂ ရက်နေ့မှာ အင်းအားအနည်းငယ်နဲ့သာ မြို့ပေါ်ရပ်ကွက်တွေထဲ အရောင်ပြ ဆန္ဒပြခဲ့ကြပါတယ်။
ရဲနဲ့စစ်သားတွေက မြို့ပေါ်ရပ်ကွက်တွေထဲ စစ်ကားတွေနဲ့ လှည့်ပတ်တားမြစ်နေချိန်မှာ ပင်မစစ်ကြောင်းက ပြောက်ကျားစနစ်နဲ့ လူစုပြီ ရွာကြီးတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဆန္ဒပြရာမှာပါဝင်သူတွေက ပြောပါတယ်။
ပြောက်ကျားစနစ်နဲ့ဆောင်ရွက်ရာမှာ ရဲနဲ့စစ်သားတွေရဲ့ အင်အားအခြေအနေကြောင့် နေရာ အနှံ့ လိုက်လံတာဆီးပိတ်ဆို့ဖို့ရာ အခက်အခဲရှိတာကြောင့် ပင်မစစ်ကြောင်းကို ဖြိုခွင်းတားစီးတာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
"ဒီနေ့တော့ အေးအေးချမ်းချမ်းပဲ ဆန္ဒထုတ်ဖော်မှုကို ရပ်နားပြီ လူစုခွဲနိုင်ခဲ့ပါတယ်။ နောက်ရက်တွေမှာလည်း အစီအစဥ်အသစ်တွေနဲ့ အာဏာရှင်စနစ်ကို အကြမ်းမဖက်ဘဲ တော်လှန်သွားမှာပါ။"
ညောင်လေးပင်မြို့မှာ အကြမ်းဖက်ဖြိုခွဲမယ်လို့ ကြေညာတာ၊ သေနတ်ပစ်ဖောက်တာတွေ ပြုလုပ်နေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးကို CDM လုပ်ထားတဲ့ဝန်ထမ်းတွေ၊ ကျောင်းသား ပြည်သူတွေ၊ ဒေသခံတိုင်းရင်းသား ထောင်ကျော်က ပြောက်ကျားစနစ်နဲ့ ဆက်လက်ဆန္ဒပြနေကြတာပါ။