တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသ ရပ်ကျေး တာဝန်ရှိသူအချို့ကို လိုက်လံဖမ်းဆီးနေပြီး ဒီနေ့မနက် ၁ ဦး ဖမ်းဆီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ကံပေါက်ဒေသ ဆန္ဒပြပြည်သူတွေကို ကူညီပေးတယ်ဆိုပြီး အန်အယ်လ်ဒီ ရပ်ကျေးတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးငွေစိုး(ခ)ဦးစမ်းချုပ်အား ဒီနေ့မနက် ၁၀ နာရီကျော်လောက်က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေစဥ် စစ်တပ်က စစ်ကားသုံးစီး နဲ့ ရောက်လာပြီး အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“သူတို့ဖမ်းဖို့ ရည်ရွယ်ထားတာကတော့ နှစ်ယောက် သုံးယောက်လောက် ရှိတယ်တယ်လို့ သိရတယ်။ လတ်တလော မနက်ကတော့ ဦးစန်းချုပ်တယောက်ပဲ ဖမ်းသွားသေးတယ်။ သူက ကံပေါက်ဆန္ဒပြပွဲမှာ အဓိကနေရာကနေ ပါဝင်ကူညီပေးတာ။ ကျန်တဲ့သူတွေကိုတော့ နေအိမ်တွေမှာ လိုက်လံမေးမြန်းနေတာတွေရှိတယ်။ တိမ်းရှောင်နေကြတာ။”
မတ်လ ၁၀ ရက်နေ့ ည ၆ နာရီလောက်ကလည်း ဦးငွေစိုးရဲ့ နေအိမ်မှာ စစ်တပ်နဲ့ရဲ လာရောက်ဖမ်းဆီးခဲ့ပေမယ့် နေအိမ်မှာမရှိတာကြောင့် ဖမ်းဆီးမခံရဘူးလို့ ဆိုပါတယ်။
အသက် ၆၃ နှစ်အရွယ် ဦးငွေစိုး(ခ)ဦးစမ်းချုပ်ကို ထားဝယ်မြို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပေမယ့် ရဲစခန်းမှာထားတာလား၊ ထောင်မှာ ထားတာလားဆိုတာ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ကံပေါက်ဒေသမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ် သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြနေကြတာဖြစ်ပြီး မတ် ၈ ရက်နေ့ ဆန္ဒပြပွဲမှာတော့ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေကို ဖမ်းဆီးတာမျိုး မရှိသေးဘဲ အခု ရပ်ကျေးတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးငွေစိုး ပထမဆုံး ဖမ်းဆီးခံရတာလို့ သိရပါတယ်။
ကိုရန်နိုင် (ထားဝယ်)