ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၄ ရပ်ကွက်မှာ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ အလိုမရှိကြောင်း ဆန္ဒပြဖို့ လူစုနေချိန်မှာ ရဲနဲ့ စစ်တပ်က ဆန္ဒပြသူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြဖို့ ဒေသခံပြည်သူတွေနဲ့ ကျောင်းသားတွေ လူစုနေချိန်မှာ ရဲတွေက အသံဗုံးတွေ ၃ ချက်နဲ့ သေနတ်ဖောက်ပြီး လူအုပ်ကြား ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မျက်မြင်တွေ့သူတဦးက DVB ကိုပြောပါတယ်။
"ဆန္ဒပြဖို့ လူစစုတဲ့အချိန် အသံဗုံးတွေပစ်ပြီး ဝင်စီးတာ လက်ဖေ့ရည်ဆိုင်ကို အားလုံးဆို ၁၀ ယောက်ကျော်လောက်တော့ရှိမယ်၊ သေချာမပြောတက်သေးဘူး။ အဲ့အထဲမှာ မိန်းကလေးတစ်ယောက်လည်း ပါသွားတာ တွေ့တယ်။”
အာဏာသိမ်းစစ်တပ်အလိုမရှိကြောင်း ဆန္ဒပြဖို့ပြင်ဆင်ချိန် ဝင်ရောက်ဖမ်းဆီးခဲ့သလို ရပ်ကွက်ရဲ့ ဝင်ပေါက် ထွက်ပေါက် လမ်းတွေမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက လမ်းတွေပိတ်ဆို့ရှာဖွေနေတယ်လို့ ဆိုပါတယ်။
ဆန္ဒပြဖို့ လူစုချိန်မှာ ရဲနဲ့ စစ်တပ်ဝင်ရောက်စီးနင်းတာခံခဲ့ရပေမယ့် မြစ်ဝကျွန်းပေါ်တော်လှန်တပ်ဦး သပိတ်စစ်ကြောင်းဟာ ပြောက်ကျားစနစ်နဲ့ ဆက်လက်ဆန္ဒပြနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေ ပြုလုပ်လာခဲ့တာ ၃၃ ရက်မြောက်နေ့ရှိပြီလည်းဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ ရက်ပေါင်း ၃၃ ရက်မှာ ရဲတပ်ဖွဲ့ရဲ့ သေနတ်ပစ်လူစုခွဲတာကို ခံရတာ ၅ ကြိမ်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။