ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ၊ အပြောင်ကျေးရွာမှာ NLD ပါတီရပ်ကျေးရုံး ဖွင့်ထားတဲ့ နေအိမ်ကို ဧပြီ ၁၃ ရက်ညနေပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတွေ ရောက်လာပြီး ဆိုင်းဘုတ်တွေနဲ့ အလံကို ဖျက်ဆီးကာ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူက အပြောင်ကျေးရွာနေ ဦးအောင်ရွှေဝါဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ရဲနှစ်ယောက်၊ စစ်သားနှစ်ယောက် လာခေါ်သွားပါတယ်။ ပြီးတော့ အိမ်မှာက NLD ရပ်ကျေးရုံး ဖွင့်ထားတာကို ဆိုင်းဘုတ်တွေ အလံတွေပါ ဖျက်ဆီးသွားတယ်"လို့ ပြောပါတယ်။
အပြောင်ကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို မလိုလားတဲ့အတွက် အုပ်ချုပ်ရေးမှူးရုံးကို ဦးအောင်ရွှေဝါက ချိတ်ပိတ်ခဲ့တာကြောင့် ခုလို ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ဆိုပါတယ်။
ဖျာပုံမြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲနဲ့စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံထားရသူ အယောက် ၃၀ လောက်ရှိပြီလို့ ဒေသခံတွေထံက သိရပါတယ်။