စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံထားရသူ ဦးရေဟာ ၁၇၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ကျောင်းသား ၆၄၇ ဦးနဲ့ အများဆုံးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၈ ရက်အထိ မှတ်တမ်း ပြုစုထားတာဖြစ်ပြီး အဲဒီထဲက ပြည်သူ ၅၂၀ ဦး၊ အစိုးရအရာရှိနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅၄ ဦး၊ ရွေးကောက်ပွဲကော်မရှင် ၁၅၀ ဦး၊ အန်အယ်လ်ဒီပါတီဝင် ၉၁ ဦးနဲ့ အစိုးရဝန်ထမ်း ၆၅ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ သတင်းဌာနတွေက ၃၃ ဦး၊ တက်ကြွ လှုပ်ရှားသူ ၂၇ ဦး၊ ဘာသာရေးအဖွဲ့အစည်းတွေက ၁၅ ဦး၊ အနုပညာရှင် ၆ ဦး၊ တခြားပါတီဝင် ၄ ဦး၊ ရဲ ၃ ဦး၊ ရှေ့နေ ၃ ဦးနဲ့ နိုင်ငံခြားသား ၂ ဦးတို့လည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံနဲ့ ကျူးလွန်နေပြီး ဒါတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက အရေးယူဆောင် ရွက်မှုတွေကို အမြန်ဆုံး လုပ်ဆောင်ကြဖို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း(အေအေပီပီ) အလေးအနက် တိုက်တွန်းပါတယ်။
အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။