ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က ပြည်သူတွေဟာ စစ်အာဏာရှင်ကျဆုံးရေး တစ်လနီးပါးဆန္ဒပြလာရာမှာ ဒီကနေ့ မတ်လ ၁၀ ရက် မှာတော့ ပထဆုံးအကြိမ် ဖြိုခွဲခံရပြီး လူအချို့ ဖမ်းဆီး ခံခဲ့ရပါတယ် ။
သပိတ်စစ်ကြောင်းဖြိုခွင်းခံရမယ့်အကြောင်း သတင်းကြိုသိထားတဲ့အတွက် ဆန္ဒပြသူ တွေဟာ ခါတိုင်းလို တစ်စုတည်းဆန္ဒမပြတော့ဘဲ စစ်ကြောင်း ၁၀ ကြောင်းခွဲပြီး ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ကာ နေရာအနှံ့ အော်ဟစ်ဆန္ဒပြခဲ့ပေမယ့် မနက် ၁၀ နာရီလောက်မှာ သေနတ်ဖောက်ဖြိုခွဲခံရသလို လူတချို့ ဖမ်းဆီးခံရတယ်လို့ ကျောက်မဲဆန္ဒပြသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ် ။
“ဒီနေ့မှာ အဖြိုခံရမယ်ကြားလို့ ကိုယ့်အဖွဲ့နဲ့ကိုယ်ထွက်ပြီး ဆန္ဒပြတာ ဆိုင်ကယ်တွေနဲ့ ၊ ကျနော်တို့ မနက် ၉ နာရီလောက်ကစထွက်တယ် ၊ ၁၀ နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အနောက်ကလိုက်လံတားဆီးတာခံရပါတယ် ၊ ရပ်ကွက် ၄ ထဲဝင်သွားတဲ့အဖွဲ့က ဝါဆို လက်ဖက်အကြော်ဆိုင်နားရောက်တော့ လုံခြုံရေးတပ်က သူတို့ကို ပိတ်ဆို့ပြီး သေနတ် ၂ ချက်ဖောက် ခြိမ်းခြောက်တယ် ၊ အဲဒါနဲ့ လူစုခွဲလိုက်ကြပါတယ် ၊ ရပ်ကွက် ၆ ထဲဝင်သွားတဲ့အဖွဲ့ကျတော့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုးရိုးအရပ်ကားနဲ့ လိုက်လာလို့ သူတို့က မထင်ဘူးလေ ၊ မြို့ပြင်ဘက်ရောက်တော့ သူတို့ ခဏနားပြီး ဓာတ်ပုံတွေရိုက် အော်တဲ့လူက ဆက်အော် အဲလိုလုပ်နေတုန်း မတ်တူးကားက သူတို့ကြားထဲ ဝင်လာတာ၊ အထဲမှာ သေနတ်တွေပါလာတာတွေ့တော့ အကုန်ထွက်ပြေးတယ် ၊ အဲဒီကားကလည်း သူတို့ကိုလိုက်ဖမ်းတယ် ၊ ဘယ်နှယောက်ပါသွားလဲတော့ မသိဘူး ”
ဆန္ဒပြသူတွေ လူစုကွဲသွားတာကြောင့် ဘယ်သူကအဖမ်းခံရပြီး ဘယ်သူက ပုန်းအောင်းနေတယ်ဆိုတာ မသိကြကြောင်း ၊ ရဲစခန်းကို လူ ၁၀ ယောက်လောက် ခေါ်သွားတယ်လို့လည်း ကြားတယ်လို့ သူကဆက်ပြောပါတယ် ။
ဆန္ဒပြသူတွေ အဖမ်းခံရကြောင်းသိလို့ အစက ကျောက်မဲရဲစခန်းရှေ့မှာ လူတစ်ရာ ကျော်သွားရောက်ဝိုင်းရံခဲ့ကြောင်း ၊ အဲဒီနောက် စစ်ကားတွေထပ်ရောက်လာလို့ မလို လားအပ်ဘဲ နောက်ထပ်အဖမ်းခံရမှာစိုးလို့ လူစုခွဲပြီး မလှမ်းမကမ်းကနေ စောင့်ကြ ည့်နေကြတယ်လို့ ဆိုပါတယ် ။
ဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးဖို့ ကျောက်မဲကရှေ့နေတွေ ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ လူမှုအဖွဲ့အစည်းကလူတွေ သွားရောက်ညှိနှိုင်းတောင်းဆိုနေတယ်လို့ ကျောက်မဲဒေသခံက ပြောပါတယ် ။
ကျောက်မဲဒေသခံတွေဟာ စစ်အာဏာရှင်ကျဆင်းရေး နေ့စဉ်မပျက်သပိတ်စစ်ကြောင်းချီခဲ့ပြီး ဒီကနေ့ ၂၉ ရက်မြောက်တဲ့နေ့မှာ ပထမဆုံးအကြိမ် ဖြိုခွဲခြင်းခံခဲ့ရတာပါ ။